စွဲလမ်းမှု ပြဿနာ

မကောင်းမှန်းသိပေမယ့်လည်း ဖြတ်ဖို့၊ရပ်ဖို့ ခက်ပြီး မလုပ်ရ မနေနိုင် ဆက်လုပ်မိ နေတာ၊ လုပ်ပြီးရင်လည်း နောင်တတွေရနေတာက သိပ်ကိုဆိုးတဲ့ ခံစားချက်ပါ။ ဒီလိုဆိုးရွားတဲ့ စွဲလမ်းမှုနွံကနေ ဘယ်လို ရုန်းထွက်နိုင်မလဲဆိုတာကို ဒီဆောင်းပါးမှာ ဆွေးနွေးဖော်ပြသွားပါမယ်။
စွဲလမ်းမှု ပြဿနာ
စွဲလမ်းခြင်း ဆိုတာ ဘာလဲ။
ဒီနေ့မှာတော့ ဖြတ်တောက်ရခက်တဲ့ စွဲလမ်းခြင်းတွေဖြစ်တဲ့ အရက်၊ အလောင်းကစား၊ မူးယစ်ဆေးဝါး၊ အပြာရုပ်သံ၊ လိင်အပျော်အပါး…အစရှိတဲ့ စွဲလမ်းခြင်းပြဿနာတွေအကြောင်း ဆွေးနွေးသွားပါမယ်။ တစ်ခုခုကို စွဲလမ်းသွားသူတွေဟာ မကောင်းမှန်းသိပေမယ့်လည်း ဖြတ်ဖို့၊ရပ်ဖို့ ခက်ပြီး မလုပ်ရ မနေနိုင် ဆက်လုပ်မိ နေတာ၊ လုပ်ပြီးရင်လည်း နောင်တတွေရနေတာက သိပ်ကိုဆိုးတဲ့ ခံစားချက်ပါ။ ဒီလိုဆိုးရွားတဲ့ စွဲလမ်းမှုနွံကနေ ဘယ်လို ရုန်းထွက်နိုင်မလဲဆိုတာကို ဒီဆောင်းပါးမှာ ဆွေးနွေးဖော်ပြသွားပါမယ်။
အဓိပ္ပာယ်ဖွင့်ဆိုချက်
အပြုအမူတစ်ခုခုကို စွဲလမ်းတဲ့အခါ ‘မလုပ်ရ မနေနိုင်’ ဆိုတဲ့ လက္ခဏာပေါ်လာပါတယ်။ ဆေးပညာအရ တစ်ခုခုကို စွဲလမ်း တယ်လို့ပြောနိုင်ဖို့အတွက် အောက်ကအချက်တွေထဲက အနည်းဆုံး (၂)ချက်ရှိရပါမယ်။
- လိုတာထက်ပိုပြီး အပြုအမူတစ်ခုကို အချိန်ကြာကြာ (ဒါမှမဟုတ်) ပမာဏများများ၊ အကြိမ်ရေများများ လုပ်တာ
- ဖြတ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်တာ။
- ဆက်လုပ်ဖို့ စိတ်ဆန္ဒထက်သန်ပြင်းပြနေတာ။ သုံးစွဲဖို့ကိုပဲ အလေးထားပြီး အခြားကိစ္စတွေကို စိတ်မပါတော့တာ။
- ယဉ်ပါးလာတာ (သို့မဟုတ်) ပုံမှန်သုံးစွဲနေကျ ပမာဏထက် ပိုပြီးသုံးစွဲဖို့ လိုအပ်လာတာ။
- ဒီစွဲလမ်းမှုကြောင့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ မိသားစုရေး၊ ငွေကြေးနဲ့ လုပ်ငန်းခွင်တွေမှာ ပျက်ကွက်တာ တွေ၊ ထိခိုက်နစ်နာဆုံးရှုံးမှုတွေ ရှိနေတာသိပေမယ့်လည်း မရပ်တန့်နိုင်ဘဲ ဆက်လုပ်မိနေတာ။
- ရုတ်တရက် ရပ်လိုက်ရင် အစိမ်းဖြတ်တဲ့လက္ခဏာတွေပေါ်လာတာ (ဒါမှမဟုတ်) အစားထိုးဖို့ နောက်တစ်ခုကို ပြောင်းသုံးနေရတာ။
စွဲလမ်းမှုဖြစ်တည်လာပုံ
ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ ရှိတဲ့ ဒိုပါမင်း Dopamine ဓာတ် ပုံမှန်ရှိနေတဲ့လူက သွားလာစားသောက်မယ်၊ လေ့လာသင်ယူမယ်၊ အလုပ်လုပ်မယ်၊ မိတ်ဖွဲ့ပြောဆိုမယ်၊ ပျော်စရာရှိပျော်မယ်၊ ငိုစရာရှိ ငိုမယ်၊ လူသားဆန်မယ်ပေါ့။ ဒိုပါမင်းဓာတ်အားနည်းနေရင်တော့ စိတ်ပါဝင်စားမှု လျော့လာမယ်၊ အာရုံနောက်သလို ပျင်းသလိုလိုတွေ ဖြစ်လာမယ်။ ဒိုပါမင်းတွေများများ ထွက်လာတဲ့အခါမှာတော့ စိတ်အားထက်သန်မှု၊ အာရုံစိုက်မှုအားကောင်းလာတယ်၊ စိတ်ကျေနပ်မှုပိုခံစားရတယ်၊ လုပ်ဆောင်မှုတွေကိုလည်းမြင့်တက် လာစေပါတယ်။
ဒါပေမယ့် အရက်၊ မူးယစ်ဆေးသုံးစွဲချိန်မှာ ထုတ်လွှတ်တဲ့ ဒိုပါမင်းဓါတ်ဟာ ပုံမှန်အချိန်မှာ သာယာမှုကို ခံစားရဖို့ ထုတ်လွှတ်လေ့ရှိတဲ့ပမာဏထက် (၂)ဆကနေ (၁၀)ဆအထိ ပိုများပြားလေ့ရှိပါတယ်။ ဒါကြောင့် သုံးစွဲသူဟာ ပုံမှန် ထက် ပိုမိုသာယာကျေနပ်မှုကိုခံစားရပြီး စိတ်ဓာတ်တက်ကြွလာပါတယ်။ ဒါပေမယ့် ဒီလိုအလွန်အမင်း သာယာမှုခံစားချက် က ကြာရှည်မခံပါဘူး။ ဒါကြောင့်လည်း ဒီသာယာမှုကို ထပ်မံခံစားချင်တဲ့ စိတ်ဆန္ဒက ဦးနှောက်ကို ထပ်ခါထပ်ခါ လှုံ့ဆော်ပါ တော့တယ်။ ကိုယ့်ရဲ့ စိတ်အာရုံတွေကိုလည်း အဲ့ဒီ့အရာထဲမှာ နစ်မြုပ်ပစ်လိုက်ပါတယ်။ ဒီလိုနဲ့ ရေရှည်ဆက်ပြီး သုံးစွဲလာတဲ့ အခါ ဦးနှောက်ရဲ့ အခြားအစိတ်အပိုင်းတွေကိုပါထိခိုက်စေပြီး ရပ်ဖို့၊ ဖြတ်ဖို့ ခက်ခဲလာစေပါတယ်။





