ကျိန်စာတွေပြယ်စေတဲ့အချစ် (Beauty and the Beast)

ဒါပေမယ့် ဒီလိုဆိုးရွားခက်ထန်လွန်းတဲ့ ကျွန်တော်တို့လို အရိုင်းအစိုင်းကောင်ကို Beauty လေးရဲ့ ချစ်ခြင်း မေတ္တာလို ဖြူစင်သန့်ရှင်းတဲ့အချစ်တွေနဲ့ ဘုရားက ချစ်ပေးခဲ့တယ်။ ဂရုဏာ သက်ခဲ့တယ်။ ကြင်နာခဲ့တယ်။ ဘုရားရဲ့ အချစ်ကြောင့် ဘ၀သစ်တစ်ခုကို ပြန်ပိုင်ဆိုင်ခွင့် ရနိုင်တယ်။
တကယ်လို့ Beauty လေးသာ ရောက်မလာခဲ့ရင် ...
တကယ်လို့ Beauty လေးသာ မကြင်နာခဲ့ရင် ...
တကယ်လို့ Beauty လေးသာ လျစ်လျူရှုခဲ့ရင် ...
တခါတုန်းက ပြင်သစ်ပြည်ရဲ့ ရဲတိုက်ကြီးတစ်ခုမှာ ခန့်ညားလှပတဲ့မင်းသားတစ်ယောက်နေထိုင်ခဲ့တယ်။ သူဟာ အလှကြိုက်တဲ့မင်းသားဖြစ်ပြီး၊ အလှဆုံးပစ္စည်းတွေကိုပဲ သူ့ရဲတိုက်ထဲမှာထားတယ်။ အချောဆုံး အလှဆုံး မိန်းမပျိုလေးတွေနဲ့ပဲ ပါတီပွဲလုပ်လေ့ရှိတယ်။ တစ်ညမှာ မိုးသက်မုန်တိုင်းကြောင့် ခေတ္တခိုနားဖို့ အဖွားအိုကြီး တစ်ယောက် သူ့ရဲတိုက်ဆီကိုရောက်လာပြီး၊ နှင်းဆီပန်းတစ်ပွင့်ကို လက်ဆောင်ပေးတဲ့အခါ မင်းသားက မယူဘဲ နှင်ထုတ်ပါတယ်။ ဒီအချိန်မှာပဲ အဖွားအိုက “အပြင်ပန်းကိုကြည့်ပြီး လွယ်လွယ်မယုံစားမိစေနဲ့။ အလှစစ်ဆိုတာ အထဲမှာ ရှိတယ်”လို့ပြောပြီး၊ မင်းသားလေးနဲ့တကွ ရဲတိုက်ထဲမှာရှိသူအားလုံးကို ကျိန်စာတိုက်လိုက်ပါတယ်။ မင်းသားဟာ ကြောက်စရာကောင်းတဲ့သားရဲသတ္တဝါကြီးပုံစံပြောင်းသွားခဲ့ပြီး၊ နှင်းဆီပွင့်ပေါ်က ပွင့်ဖတ်တွေ အားလုံး မကြွေခင် အချစ်စစ်နဲ့ သူ့ကိုချစ်တဲ့သူကို တွေ့တဲ့အခါမှသာ ကျိန်စာတွေအားလုံးပြယ်ပြီး အရင်လို မင်းသားဘ၀ကို ပြန်ရမယ်လို့ ပြောခဲ့ပါတယ်။
ဒါကတော့ မင်းသမီး Emma Watson သရုပ်ဆောင်ထားတဲ့ Beauty and the Beast ဇာတ်ကားရဲ့ အဖွင့်ပါ။ ဒီဇာတ်ကားဟာ ဒေါ်လာဘီလျံနဲ့ချီပြီး ရှာဖွေနိုင်ခဲ့တဲ့ အောင်မြင်တဲ့ဇာတ်ကား ကောင်းတစ်ခုဖြစ်ပါတယ်။ ကြားဖူးနေကြ ပုံပြင်လေးနဲ့ နဲနဲခြားနားပေမယ့်၊ ပိုပြီးစိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးတင်ဆက်ထားတာ တွေ့ရပါတယ်။
ဒီဇာတ်ကားမှာ မင်းသမီးရယ်၊ Beast သားရဲသတ္တဝါကြီးရယ်၊ မင်းသမီးကိုကြိုက်နေတဲ့ စစ်ပြန်မုဆိုး Gaston ရယ်ဆိုပြီး အဓိကဇာတ်ကောင်(၃)ယောက်ကို တွေ့ရပါတယ်။ စစ်ပြန်မုဆိုး Gaston ကတော့ ကိုယ့်အတွက်ပဲ ကြည့်တတ် သူမျိုးပါ။ သူဟာ ခွန်အားရှိပြီး၊ လူတွေကို ဦးဆောင်နိုင်ပေမယ့် ကိုယ့်အတွက်မကျန်ရင် ဘာမှ လုပ်ပေးမယ့်သူ မဟုတ်ပါဘူး။ စျေးတွက်တွက်ပြီး တကိုယ်ကောင်းဆန်တဲ့သူ၊ အတ္တကြီးတဲ့သူပါ။ Beast သားရဲ သတ္တဝါကြီးကတော့ အလှစစ်ကို မသိဘဲ၊ အပေါ်ယံအလှ၊ အပြင်ပန်းအလှတွေကို အဟုတ်ကြီးထင်နေတဲ့သူမျိုး ပါ။ တကယ့်အလှစစ်၊ အချစ်စစ် ဆိုတာကို Beauty လေး ရောက်လာမှပဲ သူနားလည်လာပါတယ်။ Beauty ကတော့ အရောင်မပါတဲ့ အချစ်စစ်၊ အလှစစ်ပိုင်ရှင်ပါ။ ဒီလိုအချစ်စစ်၊ အလှစစ်မျိုးကိုပဲ Beast သားရဲသတ္တဝါ ကြီး လိုအပ်နေပြီး၊ Beast ကို လွတ်မြောက်စေမှာပါ။
တကယ်လို့သာ Beauty လေးက ရုပ်ဆိုးအကျည်းတန်လွန်းတဲ့ သားရဲသတ္တဝါကြီး Beast ကို ဂရုမစိုက်ခဲ့ရင် ဘာဖြစ်သွားမလဲလို့ စဉ်းစားမိပါတယ်။ တကယ်လို့ Beauty လေးက သားရဲသတ္တဝါကြီးကို ဂရုမစိုက်ဘဲ မျက်နှာလွှဲခဲ့ရင်တောင် ဘယ်သူကမှ Beauty လေးကို အပြစ်တင်ကြမှာ မဟုတ်ဘူး။ ဘာလို့ဆို သားရဲကြီးက အမွှေးအမျှင်တွေ ဗရပွနဲ့၊ ဂျိုကားကားကြီးတွေ၊ ချွန်ထက်နေတဲ့သွားတွေ၊ ခြောက်ခြားစရာကောင်းတဲ့ဟိန်းသံ တွေနဲ့ဖြစ်လို့ သူ့လို သားရဲသတ္တဝါကို Beauty က ဂရုမစိုက်ဘဲ လှည့်ထွက်သွားခဲ့ရင်လည်း ဘယ်သူကမှ အပြစ်ဆိုကြမှာ မဟုတ်ဘူး။ ဒါပေမယ့် Beauty လေးက သူ့ကို ကြင်နာခဲ့တယ်။ ဂရုစိုက်ခဲ့တယ်။ သူ့ကို အရှိအတိုင်း လက်ခံပေးခဲ့တယ်။ Beauty လေး ရဲ့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကြောင့် အရိုင်းအစိုင်းသတ္တဝါ ဘ၀ကနေ မင်းသားဘ၀ကို ပြန်ရသွားခဲ့တယ်။
ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာလည်း အရိုင်းအစိုင်းသတ္တဝါတစ်ကောင် ရှိနေတယ်။ ရွံစရာ၊ စက်ဆုပ်စရာ၊ မနှစ်မြို့စရာ၊ အော်ဂလီဆန်စရာ အရိုင်းအစိုင်းကောင်ကြီး ရှိနေတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ကျိန်စာ သင့်နေတဲ့ သတ္တဝါကောင်ကြီးလို ဖြစ်တယ်လို့ သမ္မာကျမ်းစာက ဆိုတယ်။
ဒါပေမယ့် ဒီလိုဆိုးရွားခက်ထန်လွန်းတဲ့ ကျွန်တော်တို့လို အရိုင်းအစိုင်းကောင်ကို Beauty လေးရဲ့ ချစ်ခြင်း မေတ္တာလို ဖြူစင်သန့်ရှင်းတဲ့အချစ်တွေနဲ့ ဘုရားက ချစ်ပေးခဲ့တယ်။ ဂရုဏာ သက်ခဲ့တယ်။ ကြင်နာခဲ့တယ်။ ဘုရားရဲ့ အချစ်ကြောင့် ဘ၀သစ်တစ်ခုကို ပြန်ပိုင်ဆိုင်ခွင့် ရနိုင်တယ်။
တကယ်လို့ Beauty လေးသာ ရောက်မလာခဲ့ရင် ...
တကယ်လို့ Beauty လေးသာ မကြင်နာခဲ့ရင် ...
တကယ်လို့ Beauty လေးသာ လျစ်လျူရှုခဲ့ရင် ...
Beauty လေးရဲ့ အချစ်တွေ၊ အကြင်နာတွေကြောင့် ကျိန်စာတွေပျယ်ပြီး၊ ဘ၀သစ်တစ်ခုကို ပိုင်ဆိုင်ခွင့်ရခဲ့သလို၊ ဘုရားရဲ့ အချစ်နဲ့ ကရုဏာတွေကြောင့် သင်လည်း မျှော်လင့်ချက်တွေပြည့်၀တဲ့အနာဂတ်ကို ပိုင်ဆိုင်ခွင့်ရှိပါတယ်။
Video ကြည့်ရှုရန် -
https://www.youtube.com/watch?v=vzU_FSspi8M&list=PLRkaOGfUi-q7lsV_RpBIClKVEDcwPkykk&index=3






