Truth, Mercy, Justice, Peace by John Paul Lederach

“ဘယ်သူ့ကို မင်းအကြောက်ဆုံးလဲ”လို့ ကျွန်တော်မေးလိုက်တော့၊ ကရုဏာက တရားမျှတမှုဘက်ကိုလှည့်ပြီး ကြည်လင်ရှင်းလင်းတဲ့အသံနဲ့ “အစ်ကိုတရားမျှတမှုကို ကျွန်တော်ကြောက်တယ်။သူက အပြောင်းအလဲနဲ့မှန်ကန်မှု တွေကိုလုပ်ဆောင်ချင်စိတ်တွေလောပြီး၊ သူ့ရဲ့ဇစ်မြစ်တွေဟာ လူတွေနဲ့ သူတို့ရဲ့ ရင်းနှီးဆက်နွယ်မှုတွေမှာ တည်မှီ နေတာကို သူမေ့သွားတတ်တယ်”လို့ ပြန်ဖြေတယ်။
Truth, Mercy, Justice, Peace by John Paul Lederach
ထင်ရှားသည့် ငြိမ်းချမ်းရေးသမား John Paul Lederach က ပဋိပက္ခဖြစ်နေသောလူတစ်ဖွဲ့အား ကူညီပေးနိုင်ရန် ထိထိမိမိရှိလှသော ဇာတ်လမ်းတစ်ပုဒ်အား ရေးသားခဲ့သည်။ “အမှန်တရား၊ ကရုဏာတရား၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးတို့ရဲ့ တောင်းဆိုနေတဲ့အသံတွေကို ကျွန်တော်အမြဲကြားနေရတယ်။ သူတို့လေးယောက်ကို ဖိတ်ခေါ် ပြီး ပဋိပက္ခနဲ့ပတ်သက်တဲ့သူတို့ရဲ့ အမြင်တွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခိုင်းရင်ရော"ဆိုပြီး ကျွန်တော်မေးလိုက် တော့၊ ကျွန်တော်ပြောတာကို ဘယ်သူကမှ မငြင်းတာနဲ့၊ ကျွန်တော်လည်း အမှန်တရား၊ ကရုဏာ၊ တရားမျှတမှု၊ ငြိမ်းချမ်းရေးကို အခန်းထဲဝင်လာခိုင်းလိုက်ပြီး၊ ဒေါသထွက်နေတဲ့လူအုပ်ကြီးရှေ့မှာ ထိုင်ခိုင်းလိုက်တယ်။ပြီးတော့ "ဒီပဋိပက္ခတွေနဲ့ပတ်သက်ပြီး မင်းတစ်ယောက်ချင်းစီရဲ့စိတ်ထဲမှာ ဘာတွေရှိနေလဲ၊ ဘာဖြစ်နေလဲဆိုတာကို ငါတို့ သိချင်တယ်။ မင်းတို့ရဲ့အမြင်တွေကို ငါတို့ကိုပြောပြလို့ရမလား"ဆိုပြီး သူတို့လေးယောက်ကို ပြောစေခဲ့တယ်။
အမှန်တရားက မတ်တပ်ရပ်ပြီး အရင်ပြောခဲ့တယ်။ “ကျွန်မက အမှန်တရားပါ”လို့ သူမက ဆိုပါတယ်။ "ကျွန်မက အားလုံးမြင်နိုင်အောင် ချပြပေးတဲ့အလင်းတန်းနဲ့ တူပါတယ်။ ပဋိပက္ခတွေ ကြုံလာရတဲ့အခါ ပွင့်ပွင့်လင်းလင်းချပြ ပြီး တကယ်ဖြစ်ပျက်ခဲ့တာတွေကို ရှေ့တန်းတင်ချင်ပါတယ်။ သူများတွေ လက်ခံနိုင်အောင် လျှော့ပြောတာမျိုး၊ တစ်စိတ်တစ်ပိုင်းပဲ ပြောပြတာမျိုး မဖြစ်စေချင်ဘူး။ ကျွန်မရဲ့ အပျိုဖော်တွေက ပွင့်လင်းမြင်သာမှု၊ ရိုးသားမှု၊ ကြည်လင်ရှင်းလင်းမှုတွေပါ။ အမှန်တရားက ကရုဏာ၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးတို့ဖက်ကို လှမ်းကြည့်ရင်း “ဒီနေရာမှာ ကျွန်မဟာ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက် သုံးဦးနဲ့ မတူပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က ကျွန်မကို ဦးဆုံးပထမ လိုအပ်ကြလို့ပါ။ ကျွန်မ မပါဘဲ သူတို့ရှေ့ဆက်လို့ မရပါဘူး။ ကျွန်မကိုရှာတွေ့တာနဲ့ လူတွေဟာ လွတ်လပ်သွားကြတယ်”ဆိုပြီး ပြောပြလာတယ်။
ကျွန်တော်လည်း အမှန်တရားရဲ့ သိက္ခာသမာဓိကို မေးခွန်းမထုတ်ချင်တာကြောင့် မဝံ့မရဲနဲ့ ကြားဖြတ်ပြီး၊ “ညီမလေး အမှန်တရားရေ… ပဋိပက္ခတွေအများကြီးကို ကျွန်တော်တွေ့ကြုံခဲ့ဖူးပြီ။ ကျွန်တော် အမြဲသိချင်နေတာ တစ်ခုရှိတယ်။ လူတွေကို ကျွန်တော်ပြောဆိုတဲ့အခါတိုင်းမှာ တစ်ဖက်အဖွဲ့ကလူတွေက ‘ညီမလေးအမှန်တရားက သူတို့ဖက်မှာရှိတယ်’လို့ ပြောတယ်။ တခြားတဖက်ကလူတွေကလည်း ‘ညီမလေးက သူတို့ဖက်ကပါ”လို့ ပြောကြ ပြန်တယ်။ ဒီလိုနာကျင်စရာပြဿနာတွေကြားမှာ ညီမလေးက ဟိုဖက်သွားလိုက်၊ ဒီဖက်လာလိုက် ဖြစ်နေသလိုပဲ။ ညီမလေးက တစ်ယောက်တည်းရှိတာလား?”လို့ ကျွန်တော်မေးလိုက်တယ်။
ဒါနဲ့သူက “ဟုတ်တယ်၊ အမှန်တရားဆိုတာက တစ်ခုပဲရှိတာလေ။ ဒါပေမယ့် ကျွန်မကို မတူကွဲပြားတဲ့နည်းလမ်း အများကြီးနဲ့ တွေ့ကြုံခံစားလို့ရတယ်။ လူတစ်ဦးချင်းစီရဲ့အထဲမှာ ကျွန်မနေထိုင်တယ်။ ဒါပေမယ့် ဘယ်သူကမှ ကျွန်မကို မပိုင်ဆိုင်ဘူး”လို့ ပြန်ဖြေတယ်။ ဒါနဲ့ ကျွန်တော်လည်း “မင်းကိုရှာဖွေတွေ့ရှိဖို့ တကယ်အရေးကြီးတယ် ဆိုရင် ဘာကြောင့် မင်းကိုရှာတွေ့ဖို့ ဒီလောက်ခက်ခဲရတာလဲ”ဆိုပြီး မေးလိုက်တယ်။
သူလည်း ခဏလောက်စဉ်းစားပြီး “ကျွန်မကိုရှာတဲ့အခါ တကယ်ရိုးသားစစ်မှန်စွာနဲ့ရှာမှသာ ကျွန်မက ပေါ်ထွက်လို့ ရတာ။ ကျွန်မနဲ့ပတ်သက်ပြီး သူတို့သိတာတွေကို တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစားနဲ့ ဝေမျှပြောပြတဲ့ အခါမှသာ ကျွန်မက ရှေ့ကိုထွက်လာတာပါ။ ကြိုးဆွဲရုပ်သေးရုပ်တစ်ရုပ်လို ကျွန်မကို အခြားသူတွေရှေ့မှာ ဝင့်ဝင့် ကြွားကြွားနဲ့ လျှောက်ခိုင်းတဲ့နေရာတွေမှာဆိုရင်၊ ကျွန်မဟာ အနိုင့်ကျင့်ခံ၊အသုံးချခံရလို့ ကွဲအက်ပြီး ပျောက်ကွယ် သွားတတ်တယ်”လို့ သူပြန်ဖြေတယ်။ ကျွန်တော်လည်းသူနဲ့အတူထိုင်နေတဲ့ သူ့ရဲ့လုပ်ဖော်ဆောင်ဖက်သုံးဦးရှိရာကို လက်ညှိုးထိုးရင်း ‘ဒီသူငယ်ချင်းသုံးဦးထဲမှာ ဘယ်သူ့ကို ညီမလေးအကြောက်ရဆုံးလဲ”လို့ မေးလိုက်တယ်။ သူက ချက်ချင်းပဲ မတွန့်မဆုတ်နဲ့ ကရုဏာဘက်ကိုလက်ညှိုးထိုးပြရင်း “ကျွန်မ သူ့ကိုကြောက်တယ်”လို့ တိုးတိုးလေးဖြေ တယ်။ “သူက မြန်မြန်ကောင်းမွန်ကျန်းမာသွားစေဖို့ဆိုပြီး ကျွန်မရဲ့အလင်းတွေကို ဖုံးပစ်တတ်တယ်၊ ကျွန်မရဲ့ ကြည်လင်ရှင်းလင်းမှုတွေကို တိမ်နဲ့ ကွယ်စေတတ်တယ်။ ခွင့်လွှတ်ခြင်းဟာ ကျွန်မတို့အားလုံးရဲ့ကလေးဖြစ်ပြီး၊ သူ့တစ်ယောက်တည်းရဲ့ကလေးမဟုတ်ဘူးဆိုတာကို သူမေ့သွားတယ်”လို့ ဆက်ပြောခဲ့တယ်။
နောက်တစ်ယောက်အနေနဲ့ ကရုဏာဘက်ကို ကျွန်တော်လှည့်လိုက်တယ်။ “မင်းလည်းပြောစရာတွေရှိမယ်ဆိုတာ သေချာတယ်။ မင်းစိတ်ထဲမှာ ဘာတွေဖြစ်နေ၊ရှိနေလဲ”လို့ မေးလိုက်တယ်။ ကရုဏာက ဖြည်းဖြည်းချင်းထရပ်ပြီး၊ “ကျွန်တော်က ကရုဏာတရားပါ”လို့ ဆိုတယ်။ သူ့ကိုကြည့်ရတာ အားလုံးထဲမှာ သူကအတင်းအကြပ် မေးခွန်း ထုတ်ခံရတာကို သူသိနေတဲ့ပုံစံမျိုးရှိပြီး၊ အသနားခံစကားနဲ့ စချင်ပုံရတယ်။ “ကျွန်တော်က ဘ၀သစ် စ’စေသူပါ။ ကျွန်တော်က လူတွေနဲ့၊ သူတို့ရဲ့ရင်းနှီးဆက်နွယ်မှုတွေကို အလေးထားတယ်။ လက်ခံမှု၊ ကြင်နာမှုနဲ့ ထောက်ပံ့ တွေက ကျွန်တော်နဲ့အတူ ရပ်တည်ကြတယ်။ လူတွေရဲ့ ချည့်နဲ့အားနည်းမှုကို ကျွန်တော်သိတယ်။ ပြည့်စုံတဲ့သူ ဘယ်သူရှိလို့လဲဗျာ”ဆိုပြီး သူကပြောတယ်။
ပြီးတော့ အမှန်တရားဘက်ကိုလှည့်ကြည့်ပြီး ဆက်ပြောတယ်။ “သူရဲ့ အလင်းက ရှင်းလင်းမှုကိုပေးတာ မှန်ပါ တယ်။ ဒါပေမယ့်တခါတလေမှာ အဲဒီ့အလင်းကပဲ လူတွေကို ကန်းစေပြီး လောင်ကျွမ်းစေပြန်တယ်။ ရှင်သန်ခြင်းနဲ့ ရင်းနှီးဆက်နွယ်မှုတွေသာမရှိရင် လွတ်လပ်ခြင်းက ဘာအသုံးကျမှာလဲ။ ခွင့်လွှတ်ခြင်းဆိုတာ ကျွန်တော်တို့ရဲ့ ကလေးပါ။ ဒါပေမယ့် လူတွေဟာ သူတို့ရဲ့ မစုံလင်မှုနဲ့ အားနည်းချက်တွေကြောင့် ပြင်းထန်မောက်မာစွာ ဆက်ဆံ ခံရ၊ အရှက်ခွဲခံရတဲ့အချိန်မှာတော့ ခွင့်လွှတ်ခြင်းဆိုတဲ့ ရင်သွေးလေး မမွေးဖွားလာနိုင်တော့ဘူး။ ကျွန်တော်တို့ရဲ့ ကလေးဖြစ်တဲ့ ခွင့်လွှတ်ခြင်းဟာ လူတွေကို ကုသပေးဖို့ မွေးဖွားလာတာလေ”လို့ သူပြောပြတယ်။
ဒါနဲ့ ကျွန်တော်လည်း စောင့်မနေနိုင်တော့ဘဲ အရေးတကြီးမေးခွန်းတစ်ခုကို မေးလိုက်တယ်။ “ဒါပေမယ့် ညီလေး ကရုဏာတရားရေ… လက်ခံဖို့၊ အားပေးရှေ့ဆက်နိုင်ဖို့ အလောတကြီးပြေးလွှားလုပ်ရင်းနဲ့ ကလေးကို မင်းဖျက်ချ လိုက်တာ မဟုတ်ဘူးလား”လို့မေးတော့ သူက “အမှန်တရားရဲ့အလင်းကို ကျွန်တော်မဖုံးကွယ်ပါဘူး။ ခင်ဗျားတို့ နားလည်ရမှာက ကျွန်တော်ဟာ ကရုဏာတရားပါ။ ကျွန်တော်ဟာ ရှင်သန်ခြင်းကို ထောက်ခံတဲ့၊ တည်ကြည်တဲ့ ချစ်ခြင်းမေတ္တာနဲ့ တည်ဆောက်ထားတာပါ။ ကျွန်တော့်ဘ၀ရဲ့ရည်ရွယ်ချက်က ဘ၀တွေကို အသစ်တဖန်ပြန်စနိုင်ဖို့ ထာ၀ရကျေးဇူးတရားတွေကို ယူဆောင်ပေးနိုင်ဖို့ပဲ”လို့ ဆိုတယ်။
ဒါနဲ့ “ဘယ်သူ့ကို မင်းအကြောက်ဆုံးလဲ”လို့ ကျွန်တော်မေးလိုက်တော့၊ ကရုဏာက တရားမျှတမှုဘက်ကိုလှည့်ပြီး ကြည်လင်ရှင်းလင်းတဲ့အသံနဲ့ “အစ်ကိုတရားမျှတမှုကို ကျွန်တော်ကြောက်တယ်။သူက အပြောင်းအလဲနဲ့မှန်ကန်မှု တွေကိုလုပ်ဆောင်ချင်စိတ်တွေလောပြီး၊ သူ့ရဲ့ဇစ်မြစ်တွေဟာ လူတွေနဲ့ သူတို့ရဲ့ ရင်းနှီးဆက်နွယ်မှုတွေမှာ တည်မှီ နေတာကို သူမေ့သွားတတ်တယ်”လို့ ပြန်ဖြေတယ်။
ကျွန်တော်ကလည်း “အစ်ကို တရားမျှတမှုရေ … ခင်ဗျားဘာပြောချင်လဲ”လို့ မေးလိုက်တယ်။ သူလည်း ထရပ်ပြီး “ကျွန်တော်ကတော့ တရားမျှတမှုပါ”လို့ဆိုတယ်။ သူ့ရဲ့အားကောင်းတဲ့အသံနဲ့အတူ နက်ရှိုင်းတဲ့အပြုံးတစ်ခုလည်း လိုက်ပါလာတယ်။ “ကရုဏာပြောတာ မှန်ပါတယ်။ ကျွန်တော်က အမှုကိစ္စတွေကို မှန်ကန်အောင်လုပ်ဖို့အတွက် စိတ်ရှိတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် “အပေါ်ယံမျက်နှာပြင်ရဲ့အောက်ကို ကြည့်တဲ့သူ၊ လူတွေတိုက်ခိုက်နေ တယ်လို့ ထင်ရတဲ့ပြဿနာတွေရဲ့နောက်ကွယ်မှာ ဘာရှိနေသလဲဆိုတာကိုကြည့်တဲ့သူတစ်ယောက်”လို့ သဘော ထားတယ်။ ပဋိပက္ခအများစုရဲ့ ဇာတ်မြစ်က မမျှတမှု၊ လောဘနဲ့ အမှားလုပ်ရပ်တွေနဲ့ ရောထွေးနေတတ်တယ်။ ကျွန်တော်ကတော့ အမှန်လုပ်ရပ်လမ်းကို သူ့ရဲ့အလင်းနဲ့ ဖော်ထုတ်ပေးတဲ့ အမှန်တရားနဲ့အတူ ရပ်တည်တယ်။ ကျွန်တော့်ရဲ့တာဝန်က အထူးသဖြင့် နစ်နာသူတွေ၊ နင်းပြားတွေခံစားရတဲ့ ပျက်ဆီးသွားတဲ့အရာတွေကို ပြန်လည် ပြုပြင်မှု သေသေချာချာရှိစေဖို့ပဲ။ ဆက်ဆံရေးတွေကို ကျွန်တော်တို့ပြန်လည်တည်ဆောက်ကြရမှာပါ။ ဒါပေမယ့် ဆက်ဆံရေးတွေကိုဖျက်ဆီးခဲ့တဲ့အရာတွေကို အရင်ဆုံးသိမြင်သိမှတ်နိုင်ဖို့၊ အမှားပယ်ဖျက်နိုင်ဖို့ လုပ်ရမယ်”လို့ ပြောတယ်။
ဒါနဲ့ ကျွန်တော်လည်း မေးခွန်းတစ်ခုက ကျွန်တော့်စိတ်ထဲ ခိုးလိုးခုလုဖြစ်နေတာနဲ့ မေးလိုက်တယ်။ “ဒါပေမယ့် ညီအစ်ကို တရားမျှတမှုရေ … ဒီအခန်းထဲကလူတိုင်းဟာ သူတို့လုပ်ရပ်မှားတယ်လို့ ခံစားရတယ်။ သူတို့ထဲက အများစုဟာ သူတို့ရဲ့လုပ်ရပ်တွေ ကြမ်းတမ်းခက်ထန်ခဲ့ရင်တောင် လိုအပ်လို့လုပ်ရတာဆိုပြီး ခုခံချေပေချင်နေကြ တယ်။ အခုခင်ဗျားလုပ်နေသလိုမျိုးပေါ့။ အဲဒါဟုတ်တယ်မလား”။
တရားမျှတမှုကလည်း “ဟုတ်ပါတယ်။ မှန်ပါတယ်။ ဒါပေမယ့် လူအများစု နားမလည်ကြတာရှိတယ်”လို့ တုန့်ပြန် ပြောရင်း ခဏလောက်တွေးရင်း ရပ်နေတယ်။ “ကျွန်တော် စိတ်ပူတာက တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာကို ခင်ဗျား သိတယ်မလား။ ဘယ်အရာမဆို လက်ခံပေးလို့ရတယ်လို့ ကျွန်တော်တို့ မကြာခဏတွေးမိတတ်ကြတယ်။ စစ်မှန် ခိုင်မာတဲ့ဆက်ဆံရေးမှာ ရိုးသားတဲ့တာဝန်ယူ၊တာဝန်ခံမှုနဲ့ တည်ကြည်ခိုင်မြဲတဲ့ချစ်ခြင်းမေတ္တာရှိတယ်။ တာဝန်ယူ၊ တာဝန်ခံမှုမရှိရင် ချစ်ခြင်းမေတ္တာဆိုတာ စကားသက်သက်၊ လေသက်သက်ပါ။ မေတ္တာမှာ တာဝန်ယူ၊တာဝန်ခံမှု ရှိ လာရင် အပြုအမူနဲ့လုပ်ရပ်တွေ ပြောင်းလာတယ်။ ဒါကသာ ပြန်လည်ထူထောင်တည်ဆောက်ခြင်းရဲ့ အဓိပ္ပာယ် အစစ်အမှန်ပါ။ ကျွန်တော့်ရဲ့တာဝန်က အရေးယူပြီး၊ တာဝန်ယူ၊တာဝန်ခံမှုကို နှုတ်နဲ့ဖွင့်ဟဖော်ပြစေဖို့ပါ” လို့ တုန့်ပြန်ပြောဆိုတယ်။
“ခင်ဗျား ဘယ်သူ့ကိုကြောက်လဲ”လို့ ကျွန်တော်မေးလိုက်တယ်။ “ကျွန်တော့်သားသမီးတွေပေါ့”လို့ ရယ်မောရင်း နှစ်ပေါင်းကြာရှည်လာပြီဖြစ်တဲ့ အတွေ့အကြုံတွေကို ပြန်အမှတ်ရနေတယ်။ “ကျွန်တော့်သားသမီးတွေဖြစ်တဲ့ ကရုဏာတရားနဲ့ ငြိမ်းချမ်းရေးဟာ မိဘတွေလို့ သူတို့ကိုယ်သူတို့ ထင်မြင်နေမိမှာကို ကျွန်တော်စိုးရိမ်တယ်”။ သူ့အသံက ဒေါသစိတ်ကို သိမ်သိမ်မွေ့မွေ့နဲ့ စွပေးသလိုအရိပ်အမြွက်ပေးနေတယ်။ “တကယ်တော့ သူတို့တွေဟာ ကျွန်တော်ကြိုးစားလုပ်ဆောင်ခဲ့မှုတွေရဲ့ အသီးအပွင့်တွေပါ”။
ငြိမ်းချမ်းရေးက တောက်ပတဲ့အပြုံးနဲ့ ရှေ့ထွက်လာ တယ်။ ကျွန်တော်စကားမစရသေးခင်မှာပဲ သူက “ကျွန်မက တော့ ငြိမ်းချမ်းရေးပါ။ ကျွန်မသူတို့သုံးယောက်လုံးနဲ့ သဘောတူပါတယ်။ ဆက်ပြီး “ကျွန်မက သူတို့မွေးဖွားပေး လိုက်တဲ့ ကလေး၊ အသက်ကို ဖြစ်စေတဲ့မိခင်၊ ခရီးလမ်းမှာ သူတို့ကိုအဖော်ပြုပေးတဲ့ လက်တွဲဖော် ဖြစ်ပါတယ်။ လုံခြုံမှု၊ လေးစားမှုနဲ့ကောင်းစားခြင်းတွေကိုဝန်းရံအားပေးရင်း လူ့အဖွဲ့အစည်းကို ကျွန်မအတူစုစည်းပေးပါတယ်”
ဒီအချိန်မှာ အမှန်တရားနဲ့ တရားမျှတမှုတို့က စပြီးကန့်ကွက်ပါတော့တယ်။ “ပြဿနာအတိအကျက ဒါပဲ”ဆိုပြီး စိတ်ပျက်စိတ်လေတဲ့အသံနဲ့ အမှန်တရားက ဆိုတယ်။ “မင်းကိုယ်မင်း ငါတို့အားလုံးထက် ပိုကြီးမြတ်၊ ပိုကြီးမား သူလို့ မင်းမြင်နေတယ်”။ တရားမျှတမှုကလည်း ငြိမ်းချမ်းရေးကို လက်ညှိုးထိုးပြီး “မောက်မာလိုက်တာ။ မင်းက ကိုယ့်နေရာမှာကိုယ် မနေဘူး။ မင်းက ငါတို့ရှေ့က သွားရမှာမဟုတ်ဘူး။ နောက်ကလိုက်ရမှာ”။
ဒါနဲ့ ငြိမ်းချမ်းရေးက “မှန်ပါတယ် အစ်ကိုတရားမျှတမှုနဲ့ အစ်မ အမှန်တရားရေ”လို့ တုန့်ပြန်တယ်။ “ကျွန်မက ရှင်တို့နှစ်ယောက်အားဖြင့်၊ ရှင်တို့နောက်မှာ ပိုပြီးထင်ရှားပေါ်လွင်လာတာပါ။ ဒါပေမယ့် ကျွန်မသာမရှိရင် အမှန် တရားကိုကြားနာဖို့ ဘယ်သူမှ နေရာရှင်းပေးမှာမဟုတ်ဘူးဆိုတာကလည်း အမှန်တရားပါပဲ”။ ငြိမ်းချမ်းရေးက တရားမျှတမှုဘက်ကိုလှည့်ပြီး “ကျွန်မသာမရှိရင်၊ စွပ်စွဲခြင်း၊ ခါးသီးခြင်း၊ သွေးစွန်းခြင်းဆိုတဲ့ အဆိုးကျော့သံသရာ ကြီးကို ဖြတ်တောက်စရာလမ်းလည်း မရှိပါဘူး။ တရားမျှတမှုဆိုတဲ့ရှင်ကိုယ်တိုင်ဟာလည်း ကျွန်မမရှိရင် အပြည့် အ၀ပေါ်လွင်ထင်ရှားနိုင်မှာ မဟုတ်ပါဘူး။ ကျွန်မက ရှေ့မှာလည်း ရှိတယ်၊ နောက်မှာလည်း ရှိတယ်။ ကျွန်မဆီကို ရောက်နိုင်တဲ့တခြားနည်းလမ်း မရှိဘူး။ ကျွန်မကိုယ်တိုင်က လမ်းခရီးဖြစ်တယ်။
“မင်းဘယ်သူ့ကို အကြောက်ဆုံးလဲ”လို့ ကျွန်တော်မေးလိုက်တယ်။ “ကျွန်မ ဘယ်သူ့ကိုကြောက်တယ်ဆိုပြီး မရှိ ဘူး၊ ဒါပေမယ့် ဘာကိုကြောက်တယ်၊ ဘယ်အချိန်မှာကြောက်တယ်ဆိုတာတော့ ရှိတယ်”လို့ ငြိမ်းချမ်းရေးက ပြန် ဖြေတယ်။
“ကျွန်မကြောက်တာက ကြိုးကိုင်ခြယ်လှယ်မှုပဲ။ ကျွန်မကြောက်တာက လူတွေက သူတို့ရဲ့ ရည်ရွယ်ချက်အတွက် အစ်မ အမှန်တရားကိုအသုံးချသွားမှာကိုပဲ။ တချို့က သူမကို လျစ်လျူရှုတယ်။ တချို့က သူမကို ကြာပွတ်တစ်ခု လိုသဘောထားပြီး အသုံးချတယ်။ တချို့က သူမကို သူတို့ပိုင်တယ်လို့ ထင်တယ်။ အစ်ကိုကရုဏာကိုငဲ့ပြီး လူတွေ က အစ်ကိုတရားမျှတမှုကို စတေးပစ်လိုက်မှာကိုလည်း ကျွန်မကြောက်တယ်။ အစ်ကိုတရားမျှတမှုဆိုတဲ့ နှုန်းစံကို ရောက်နိုင်ဖို့အတွက်ကြိုးစားရင်း ဘ၀အသက်ကိုစတေးခံလိုက်ရမယ့် မျက်ကန်းကြိုးကိုင်ခြယ်လှယ်ခြင်းမျိုးကို ကျွန်မကြောက်တယ်။ အဲသလို လိမ်လည်ကောက်ကျစ်ခြင်းတွေ နေရာယူလာပြီဆိုရင် ကျွန်မဟာ ချေမှုန်းခံရပြီး အခွံလွတ်တစ်ခုလို ကျန်နေရစ်ခဲ့ရတယ်”။
“ဒါဆိုရင် မင်းတို့လေးယောက် ဘယ်လိုအတူဆုံဆည်းနေထိုင်လို့ ရနိုင်မလဲ။ မင်းတို့ အချင်းချင်းတစ်ယောက်ဆီက နောက်တစ်ယောက်လိုအပ်နေတာက ဘာဖြစ်မလဲ?” လို့ ကျွန်တော်မေးလိုက်တယ်။
အမှန်တရားက ကရုဏာတရားကို အရင်ကြည့်လိုက်တယ်။ “မင်းအရှိန်လျှော့မှဖြစ်မယ် အစ်ကိုကရုဏာရေ။ ကျွန်မပေါ်ထွက်နိုင်ဖို့ အခွင့်အရေး တစ်ခါတော့ပေးပါ။ ကျွန်မတို့ရဲ့ကလေးဟာ မိခင်ရဲ့ဝမ်းတွင်းသားအိမ်ထဲမှာ ဖြည်းဖြည်းချင်း မဖွံ့ဖြိုးဘဲ မွေးဖွားလာလို့မရနိုင်ဘူးလေ”
ကရုဏာကလည်း ခေါင်းညိတ်လိုက်တယ်။ “ညီမလေးအမှန်တရားရေ … တောက်ပစွာ ထွန်းလင်းလိုက်ပါ ။ ဒါပေမယ့် ကန်းစေတဲ့အထိ၊ လောင်ကျွမ်းစေတဲ့အထိမလုပ်မိဖို့တော့ သတိထားပေါ့။ လူတိုင်းဟာ ဘုရားသခင်ရဲ့ သားသမီးဖြစ်တာကို သတိရပေးပါနော်။ တစ်ဦးတစ်ယောက်ချင်းစီတိုင်းဟာ အားနည်းပြီး၊ ရင့်ကျက်ဖို့အတွက် အားပေးထောက်မမှု လိုအပ်တယ်”
တရားမျှတမှုကလည်း ပြောချင်စိတ်တွေ ပေါ်လာတယ်။ “ညီမလေး ငြိမ်းချမ်းရေးရဲ့ စကားတွေကိုကြားရတဲ့အခါ တစိတ်တပိုင်းအနေနဲ့ စိတ်ချမှုရှိသလို ခံစားရတယ်။ ဒါပေမယ့် တာဝန်ယူမှုနှင့် လုပ်ရပ်အပြုအမူအတွက် နေရာ ပေးခြင်းဆိုတာနဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့ဖော်ပြချက် လိုအပ်တယ်။ မိက္ခာ(၆း၈)မှာ “ကရုဏာကိုနှစ်သက်ပြီး တရားသဖြင့်ပြုပါ”လို့ ငါတို့ကို မှာထားတာကိုလည်း သတိရကြပါ။ ညီမလေးငြိမ်းချမ်းရေးအနေနဲ့လည်း အစ်ကို ဝင်လာနိုင်ဖို့ နေရာပေးဖို့ လိုတယ်နော်။ အဲသလိုမှမဟုတ်ရင် ညီမလေးလည်း ကိုယ်ဝန်လို ပျက်ကျသွားနိုင်တယ်”
ငြိမ်းချမ်းရေးကလည်း “အစ်ကိုတရားမျှတမှုရှင့်၊ ကျွန်မတို့တွေဟာ တစ်ယောက်ကိုတစ်ယောက်လိုအပ်ကြောင်း အသိအမှတ်ပြုရင် ကျွန်မတို့နှုတ်ခမ်းချင်း ဆုံကြပါလိမ့်မယ်။ အစ်ကို့ရဲ့ ကြင်နာတတ်တဲ့နှလုံးသားကို ခါးသီးပြီး ရည်ရွယ်ဦးတည်ချက်မဲ့ဒေါသထဲမှာ မကျစေပါနဲ့။ အစ်ကို ရှင်သန်လုပ်ဆောင်ပြီး အသီးသီးနိုင်ဖို့ မြေကို ကျွန်မ ထောက်ပံ့ပေးမယ်။
သူတို့လေးယောက်လုံး စက်၀ိုင်းသေးသေးလေးထဲမှာ စုစည်းသွားကြတယ်။ ဒါနဲ့ ကျွန်တော်က “အခု မင်းတို့ လေးယောက်အတူရပ်နေတဲ့နေရာကို ဘာလို့ခေါ်သလဲ”ဆိုပြီးမေးလိုက်တယ်။ သူတို့အားလုံးက “ပြန်လည် သင့်မြတ်ပေါင်းစည်းခြင်း”လို့ သံပြိုင်ဖြေကြတယ်။ ပြီးတော့ ရုတ်တရက်ချက်ချင်း ဘာမှအချက်မပြဘဲ သူတို့ချင်း လက်တွေကိုင်ပြီး ကကြတယ်။





