ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း

တကမ္ဘာလုံးက လူတွေသေဆုံးရခြင်း ထိပ်ဆုံးအကြောင်းအရင်းစာရင်းမှာ ကိုယ့်ကိုယ်ကိုသတ်သေခြင်းက နံပါတ် (၁၃)နေရာမှာ ရှိပါတယ်။
နိဒါန်း
ဂျပန်နိုင်ငံ၊ ဖူဂျီတောင်နားမှာ Suicide Forest ဆိုပြီး နာမည်ကြီးတဲ့ တောအုပ်ကြီးတစ်ခုရှိတယ်။ အဲဒီနေရာဟာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း မရပါဘူး။ လူတွေဟာ သူတို့ကိုယ်သူတို့ အဆုံးစီရင်ဖို့ အဲဒီတော်အုပ်ကိုသွားလေ့ရှိပါတယ်။ တောအုပ် ထဲကိုဝင်သွားကြသူတွေဟာ တောအုပ်အဝင်က သစ်ပင်တစ်ခုမှာ ကြိုးစတစ်ဖက်ကိုချည်ပြီး ကြိုးကိုကိုင်ကာ တောအုပ် ထဲကို ဝင်သွားလေ့ရှိပါတယ်။ အဲဒီကြိုးတွေဟာ သူတို့ စိတ်ပြောင်းသွားရင် တောအုပ်ထဲက ပြန်ထွက်လာနိုင်ဖို့ လုပ်ထား တဲ့ကြိုး တွေဖြစ်ပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာက တောအုပ်ထဲ ဝင်သွားကြသူအများစုဟာ တောအုပ်ထဲကနေ ပြန် ထွက်လာလေ့မရှိကြဘူးလို့ သိရပါတယ်။ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနှုန်း ပိုပိုများလာလို့ ရဲတွေက ဆိုင်းဘုတ်တွေ ထောင်ပြီး၊ အကူအညီရယူဖို့၊ နောက်တစ်ခေါက် ပြန်စဉ်းစားဖို့ သတိပေးစာတွေ ရေးထားကြပါတယ်။
အရေးကြီးတဲ့ ကိန်းဂဏ္ဍန်းအချို့
- နှစ်စဉ်နှစ်တိုင်း ကိုယ့်ကိုယ်ကိုသတ်သေမှုကြောင့် သေဆုံးသူ (၇၀၀,၃၀၀) ကျော် ရှိပါတယ်။
- တကမ္ဘာလုံးက လူတွေသေဆုံးရခြင်း ထိပ်ဆုံးအကြောင်းအရင်းစာရင်းမှာ ကိုယ့်ကိုယ်ကိုသတ်သေခြင်းက နံပါတ် (၁၃)နေရာမှာ ရှိပါတယ်။
- အသက် (၁၅)နှစ်မှ (၁၉)နှစ်ကြားအသက်အရွယ်ဟာ မိမိကိုယ်ကိုသတ်သေမှုအများဆုံး အသက်အရွယ်ဖြစ်တယ်။
- ယောက်ျားတွေဟာ မိန်းမတွေထက် ကိုယ်ကိုယ်ကိုယ်သတ်သေမှုနှုန်း ပိုများပြီး၊ တကမ္ဘာလုံးအတိုင်းအတာနဲ့ ကြည့်ရင် ယောက်ျားတွေက မိန်းမတွေထက် (၃)ဆကနေ (၄)ဆအထိ ပိုများပါတယ်။
မြန်မာနိုင်ငံမှ ကိန်းဂဏ္ဍန်းများ
- မြန်မာနိုင်ငံမှာလည်း ကိုယ့်ကိုယ်ကိုယ်သတ်သေသူတွေထဲက (၇၀%)ကျော်ဟာ အမျိုးသားတွေဖြစ်ပြီး၊ အမျိုးသမီး တွေက (၃၀%)အောက် ရှိပါတယ်။ သတ်သေဖို့ကြိုးစားသူအရေအတွက်မှာ အမျိုးသမီးက ပိုများပေမဲ့၊ အမျိုးသမီး (၃)ယောက်မှာ (၁)ယောက်ကပဲ တကယ်သေဆုံးပြီး၊ အမျိုးသားတွေကတော့ သတ်သေဖို့ ကြိုးစားလိုက်တာနဲ့ အောင်မြင်သွားတာ များပါတယ်။ အမျိုးသားတွေက သေစေနိုင်လောက်တဲ့ ပြင်းထန်တဲ့နည်းလမ်းတွေကို အသုံးပြု ကြတာရယ်၊ ခံစားချက်တွေကို ရင်ဖွင့်လေ့မရှိဘဲ တစ်ယောက်ထဲစိတ်ဖိစီးမှုခံရင်း မဖြစ်သင့်တာတွေ ဖြစ်သွားတယ် လို့ ယူဆရပါတယ်။
- မြန်မာနိုင်ငံမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူတွေရဲ့ (၂၂)ရာခိုင်နှုန်းဟာ အသက်(၁၈)နှစ်မှ (၂၅)နှစ်ကြားဖြစ်ပြီး၊ (၃၆)ရာခိုင်နှုန်းကတော့ အသက်(၂၅)နှစ်မှ (၄၀)အတွင်းဖြစ်တယ်လို့ သိရပါတယ်။
- စိတ်ရောဂါအထူးကုဆရာဝန်တွေရဲ့ အဆိုအရ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူတစ်ယောက်ရှိတိုင်း၊ အဆုံးစီရင်ဖို့ ကြိုးစားသူ အယောက်(၂၀)ရှိတယ်လို့ သိရပါတယ်။
ဘယ်သူတွေ ကိုယ့်ကိုယ်ကိုယ်သတ်သေကြလဲ၊ ဘာကြောင့်လဲ?
- ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူတွေထဲမှာ (၉၀)ရာခိုင်နှုန်းခန့်က စိတ်ရောဂါတစ်ခုခု ခံစားနေရသူတွေဖြစ်တယ်လို့ စိတ်ရောဂါအထူးကုဆရာဝန်တွေက ဆိုပါတယ်။ စိတ်ရောဂါလို့ဆိုတဲ့အခါ စိတ်ကျရောဂါ၊ စိတ်ကျစိတ်ကြွရောဂါ၊ အရက်စွဲရောဂါ၊ မူးယစ်ဆေးစွဲရောဂါနှင့် စိတ်ကစဉ့်ကလျားရောဂါတွေဖြစ်ပြီး ဒီရောဂါရှိသူ (၅%)ကနေ (၈%)ဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားလေ့ရှိကြောင်း တွေ့ရပါတယ်။
- ကိုယ့်ကိုယ်မိမိအဆုံးစီရင်နိုင်ချေရှိတဲ့ အခြားသူတွေကတော့ အဆုံးစီရင်ဖို့ ကြိုးစားခဲ့ဖူးသူတွေ၊ မိသားစုတွင်းမှာ အဆုံးစီရင်မှု ရာဇဝင်ရှိသူတွေ၊ လိင်ပိုင်းစော်ကားခံရသူတွေ၊ အလုပ်လက်မဲ့ဖြစ်နေသူတွေ၊ နာတာရှည်ရောဂါခံစား ရသူတွေ၊ ကွာရှင်းပြတ်ဆဲခဲ့သူတွေ၊ အမြဲလိုလို အနိုင်ကျင့်ခံရသူတွေနဲ့၊ ငွေကြေးပြဿနာနဲ့ ဆုံးရှုံးမှု ကြီးမားသူတွေ မှာ ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှု အဖြစ်များတာ တွေ့ရပါတယ်။
- နောက်ကြောင်းရာဇဝင်လို့ ဆိုရာမှာ၊ ပထမတစ်ကြိမ် အဆုံးစီရင်ဖို့ ကြိုးစားဖူးသူတွေရဲ့ (၁၀)ရာခိုင်နှုန်းဟာ နောက် တစ်ကြိမ်ထပ်ပြီး အဆုံးစီရင်ဖို့ ကြိုးစားတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့သူတွေရဲ့ လေးပုံ/တစ်ပုံ လောက်ဟာ အရင်က ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ ကြံစည်ဖူးကြတာ တွေ့ရပါတယ်။
- လူတွေဟာ လုံးဝမျှော်လင့်ချက်မရှိတော့ဘူးလို့ ခံစားရတဲ့အခါတွေမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စဉ်းစားမိကြ ပါတယ်။ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားကြသူအများစုဟာ စိုးရိမ်စိတ်လွန်ကဲနေတာ၊ စိတ်ဓါတ် အလွန်အမင်း ကျဆင်းနေတာ၊ မျှော်လင့်ချက်ကင်းမဲ့နေတာ၊ အရက်-မူးယစ်ဆေးစွဲနေတာတွေ ဖြစ်နေတတ်ပါတယ်။
သေချင်စိတ် ပေါက်ခဲ့တဲ့ သမ္မာကျမ်းလာပုဂ္ဂိုလ်များ
- ရေဗက္ကာ - မိသားစုပြဿနာ၊ သားသမီးပြဿနာကြောင့်။ (ကိုယ်အသက်ကို ငြီးငွေ့လှ၏ ... ကျွန်မအသက်ရှင်၍ အဘယ်ကျေးဇူးရှိပါလိမ့်မည်နည်း - ကမ္ဘာ ၂၇း ၄၆)
- မောရှေ - အလုပ်တာဝန် ဖိစီးကြီးမားလွန်းသောကြောင့်။ (အကျွန်ုပ်အား သနားသဖြင့် ယခုပင် အသက်သေစေ၍ ဤဆင်းရဲဒုက္ခမှ ကင်းလွတ်စေတော်မူပါ - တောလည်ရာ ၁၁း ၁၅)
- ဧလိယ - မျှော်လင့်သလို ဖြစ်မလာဘဲ၊ စိတ်ပျက်ကြောက်လန့်နေပြီး၊ ကိုယ်ရော၊စိတ်ပါ ပင်ပန်းလွန်းခြင်းကြောင့်။ (အကျွန်ုပ်၏အသက်ကိုရုပ်သိမ်းတော်မူပါ။ အကျွန်ုပ်သည် သေရသော် သာ၍ကောင်းပါသေး၏။ - ၃၊ရာ ၁၉း ၄)
- ယောန - စိတ်တိုင်းမကျ ဒေါသထွက်နေခြင်းကြောင့်။ (အို ထာဝရဘုရား၊ ယခုပင်လျှင် အကျွန်ုပ်အား သေရသော အခွင့်ကို ပေးတော်မူပါ။ အကျွန်ုပ်အတွက် အသက်ရှင်ရခြင်းထက် သေရခြင်းက သာ၍ကောင်းပါ၏။ - ၄း ၃)
- ရှောလမုန် - ဘ၀ဟာ အဓိပ္ပာယ်မရှိဘူးလို့ ခံစားရခြင်းကြောင့်။ (ထိုကြောင့်၊ အသက်ရှင်ခြင်းကို ငါငြီးငွေ့၏။ နေအောက်မှာ ပြုသောအမှုသည် ငါ၌ခက်ခဲ၏။ - ဒေသနာ ၂း ၁၇)
- ယောဘ - ဥစ္စာရော၊ မိသားစုဝင်တွေပါ ဆုံးရှုံးခဲ့ရခြင်းကြောင့်။ (ငါသည်မွေးစက အဘယ်ကြောင့်မသေသနည်း။ အမိဝမ်းထဲမှ ထွက်စက အဘယ်ကြောင့် အသက်မချုပ်သနည်း။ ၃း ၁၁-၁၂)
ဘယ်လိုကုစားကြလဲ၊ ဘယ်လိုကာကွယ်တားဆီးနိုင်မလဲ?
- စိတ်ရောဂါအထူးကုဆရာဝန်တွေက စကားပြောကုသနည်း (Psychotherapy) ၊ ဆေးဝါးအကူအညီနဲ့ ကုသနည်း (Antidepressants Medication)၊ လျှပ်စစ်ဓာတ်နဲ့ ကုသနည်း (Electroconvulsive Therapy)တွေနဲ့ ကုသပေးလေ့ ရှိပြီး၊ စိတ်ကျဝေဒနာရှင် (၈၀%)ဟာ စကားပြောကုသနည်း၊ ဆေးဝါးအကူအညီနဲ့ ကုသနည်းတွေအားဖြင့် ပြန်ကောင်းမွန်လာကြတယ်လို့ ဆိုပါတယ်။
- လူမှုရေးနည်းလမ်းနဲ့ ကုစားလို့ရပါတယ်၊ ကူညီကာကွယ်တားဆီးလို့လည်း ရပါတယ်။
- တစ်ဦးချင်းနည်း - ပြဿနာရင်ဆိုင်ဖြေရှင်းနိုင်စွမ်းမြှင့်တင်ခြင်း၊ ရှင်သန်ဖို့ အကြောင်းအရင်း ရှာဖွေပေးခြင်း
- လူမှုဆက်ဆံရေးနည်း - ကိုယ်နဲ့ဆက်နွယ်ပတ်သက်နေသူတွေနဲ့ ဆက်ဆံရေး၊ ခံစားမှုအရည်အသွေးမြှင့်တင်ခြင်း
- လူမှုအသိုင်းအ၀ိုင်းနည်း - အသက်သေဆုံးစေသောနည်းလမ်းများကို အလွယ်တကူ မရရှိနိုင်အောင် ဆောင်ရွက် ခြင်း၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ ကိုယ်ကျင့်တရားနည်းလမ်းတွေနဲ့ တားဆီးကုစားခြင်း။
ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ စဉ်းစားနေသူတွေအတွက် အမှာစကား
- ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်တယ်ဆိုတာ ယာယီပြဿနာကို ဘယ်တော့မှပြန်ပြင်လို့မရနိုင်တော့တဲ့ဖြေရှင်းနည်းနဲ့ ဖြေရှင်းဖို့ကြိုးစားနေခြင်းဖြစ်တာကြောင့် မှန်ကန်သင့်မြတ်တဲ့ဖြေရှင်းမှုမဟုတ်ပါဘူး။ Temporary problem with irreversible solution. တကယ်တော့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ချင်တာ မဟုတ်ပါဘူး။ ပြဿနာတွေ ကိုပဲ အဆုံးစီရင်ချင်တာပါ။ ဒီနှစ်ခုဟာ လုံး၀မတူတဲ့ကိစ္စနှစ်ခုပါ။ ကိုယ့်ရဲ့ နာကျင်ပင်ပန်းမှုကိုအဆုံးသတ်နိုင်ဖို့ ကိုယ့် ဘ၀ကို အဆုံးမသတ်လိုက်ပါနဲ့။ ဒါဟာ ပြန်ပြင်လို့ မရနိုင်တဲ့ကိစ္စ ဖြစ်လို့ပါ။
- ဘ၀မှာ ဘယ်လိုခံစားချက်မှ အမြဲတည်တံ့နေလေ့ မရှိပါဘူး။ No emotion lasts forever. သင့်ခံစားချက်တွေဟာ ဘယ်လိုပဲရှိနေပါစေ အဲဒီ့ခံစားချက်တွေ မကြာခင် ရှိမှာမဟုတ်တော့ပါဘူး။ အကြောင်းကတော့ ဘယ်လိုခံစားချက် မျိုးမှ အမြဲတည်တံ့နေမှာ မဟုတ်လို့ပဲ။ ဒါကြောင့် ဘ၀ရဲ့ အရေးကြီးလွန်းတဲ့ ဆုံးဖြတ်ချက်တွေကို သင်စိတ်ဖိစီး၊ စိတ်ဓာတ်ကျနေချိန်မှာ မချမှတ်လိုက်ပါနဲ့။ အထူးသဖြင့် အသက်နဲ့ဆိုင်တဲ့ကိစ္စတွေဆိုရင် ပိုအရေးကြီးပါတယ်။
- သင့်စိတ်ဖိစီးပင်ပန်းနေချိန်မှာ သင့်အတွေးတွေဟာ ဘယ်လိုမှ မမှန်ကန်နိုင်ပါဘူး။ ငါမရှိရင် ပိုကောင်းသွားမယ်၊ ငါဟာ ဘာတန်ဖိုးမှ မရှိဘူး။ ဘာအဖြစ်မှမရှိဘူးလို့ သင်ခံစားနေရရင် သင့်အတွေးနဲ့ ခံစားချက်တွေဟာ လုံး၀ မှားယွင်းနေပါပြီ။ သင်ဟာ တန်ဖိုးရှိတဲ့သူ၊ တန်ဖိုးထားခံရသူ၊ အချစ်ခံရသူ ဖြစ်ပါတယ်။ သင်ဟာ ကြီးမြတ်တဲ့ ရည်ရွယ်ချက်တစ်ခုအတွက် ဒီလောကမှာ တည်ရှိလာတာဖြစ်ပါတယ်။ သင့်ကို သူ့အသက်ထက်ပိုချစ်တဲ့ယေရှု ဘုရားရှိပါသေးတယ်။ သူက သင့်ဘ၀ကို ကူညီပေးနိုင်ပါတယ်။
- ဘုရားသခင်ဟာ သင့်ဘ၀မှာ ကြုံဆုံရသမျှပြဿနာတိုင်းကို သင်တစ်ယောက်တည်း ခါးစည်းရင်ဆိုင်ဖြေရှင်းဖို့ မစီစဉ်ထားပါဘူး။ ကျွန်တော်တို့တွေဟာ တစ်ဦးကိုတစ်ဦး အပြန်အလှန်အမှီပြုဖို့ အတူရင်ဆိုင်ဖြေရှင်းဖို့ ပုံသွင်း ထုဆစ်ခံထားရသူတွေပါ။ အပျော်တွေကိုမျှဝေတဲ့အခါ နှစ်ဆတိုးလာလေ့ရှိပြီး၊ နာကျင်မှုတွေကိုမျှဝေတဲ့အခါ ထက်ဝက်လျော့သွားလေ့ရှိပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်ဆီသွားပါ။ စကားပြောပါ။ ရင်ဖွင့်ပါ။ ဆွေးနွေးပါ။ တစ်ယောက်တည်း မနေပါနဲ့။ သင့်အတွက် ဘုရားပြင်ဆင်ထား၊ စီစဉ်ထားတဲ့သူတွေ ရှိပါတယ်။ သူတို့ကို မတွေ့မချင်း လက်မလျှော့ပါနဲ့။
နိဂုံး
သင့်အနီးနားက တစ်ယောက်ယောက်က “ငါ့ကိုယ်ငါ သတ်သေချင်စိတ် ပေါက်နေတယ်၊ ဖြစ်နေတယ်”လို့ ပြောလာရင် ဟာသတစ်ခုလို မထင်ပါနဲ့။ Drama ခင်းနေတယ်လို့ မလှောင်လိုက်ပါနဲ့။ အလေးအနက်ထားပြီး ဆက်ဆံပါ။ နားထောင် ပေးပါ။ ကူညီပေးပါ။ တားဆီးပေးပါ။ အကယ်၍ သူတို့ရဲ့ အပြုအမူတွေ ပုံမှန်မဟုတ်ဘဲ ထူးခြားနေတယ်ဆိုရင် ပိုသတိ ထားပြီး ပိုဂရုစိုက်ပေးပါ။ ငါ့ကို တမျိုးထင်သွားမလားဆိုတဲ့စိုးရိမ်စိတ်၊ မဝံ့မရဲစိတ်ထက် လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ပေးဖို့က (အများကြီး) ပိုအရေးကြီးပါတယ်။ နိုင်ငံတော်တော်များများမှာ လူသတ်မှုကြောင့် အသက်သေဆုံး ရသူအရေအတွက်ထက်၊ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုကြောင့် အသက်သေဆုံးရသူအရေအတွက်က ပိုများနေတတ် တာ သတိရပါ။ ကျပ်တည်းခက်ခဲတဲ့နိုင်ငံတွေမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု (၇၇%)ရှိတာကို သတိပြုပါ။
နောက်ပြီး မျှော်လင့်ချက်မရှိတော့ဘူး၊ လမ်းဆုံးသွားပြီလို့ သင်ခံစားနေရရင် ဒါဟာ သင်ဟာ ကိုယ့်အခြေအနေအပေါ် အခြေခံပြီးစဉ်းစားနေတာ ဖြစ်နိုင်ပါတယ်။ တကြိမ်လောက် ဘုရားအပေါ် အခြေခံပြီး ဘ၀ကို ရင်ဆိုင်ကြည့်ပါ။ ဘုရား က အဝေးမှာရှိတဲ့၊ လက်လှမ်းမမီနိုင်တဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ပါဘူး။ သူဟာ အနားကနေ အတူရှိပြီး ကူညီပေးတတ်တဲ့ မိတ်ဆွေကောင်းဖြစ်တယ်ဆိုတာ သင်ကိုယ်တိုင် မြည်းစမ်းကြည့်ရင် သိလာမှာပါ။ မိတ်ဆွေတစ်ယောက်နဲ့ စကားပြော နေသလို ဘုရားကို စကားပြောလို့ ရပါတယ်။ ရင်ဖွင့်လို့ရပါတယ်။ ခေါ်ကြည့်လို့ ရပါတယ်။ သူ ထူးမယ် ပြောပါတယ်။





