စိတ်ဝိညာဉ်အထိ ညစ်ညမ်းစေတဲ့ အပြာရုပ်ရှင်များ

အပြာရုပ်ရှင်ဇာတ်လမ်းတွေဟာ
အဆိပ်အတောက်လည်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဦးနှောက်၊ ဆင်ခြင်တုံတရား နဲ့ အတွေးစိတ်၊ သဘောထားတွေကိုပါ အဆိပ်ခတ်မယ့်အရာဖြစ်ပါတယ်။ ဒီအဆိပ်က ကိုယ့်တစ်ယောက် တည်းကိုပဲ ဒုက္ခပေးမှာမဟုတ်ဘဲ၊ ကိုယ်နဲ့နီးစပ်သူတွေကိုပါ အန္တရာယ်ပေးမိစေမယ့် အဆိပ်မျိုး ဖြစ်ပါတယ်။
စိတ်ဝိညာဉ်အထိ ညစ်ညမ်းစေတဲ့ အပြာရုပ်ရှင်များ
လိင်အသားပေးရုပ်သံဇာတ်လမ်းတွေဟာ အရင်အချိန်တွေထက် လွယ်လင့်တကူ ရယူနိုင်တဲ့ခေတ်ထဲ ကျွန်တော်တို့ ရောက်နေကြတာပါ။ အပြာရုပ်ရှင်ကားကြည့်ရှုနိုင်တဲ့ Website တွေဟာလည်း သန်း (၅၀၀) နဲ့ အထက် ရှိတယ်လို့ ဆိုပါတယ်။ Click တစ်ချက်နှိပ်လိုက်တာနဲ့ ကြည့်ရှုနိုင်တဲ့ခေတ်ဖြစ်လို့ ဖြတ်တောက်ဖို့လည်း ပိုခက်ခဲလာကြပါတယ်။ ညစ်ညမ်းရုပ်သံဇာတ်လမ်းတွေနဲ့ပတ်သက်ပြီး စာစောင်တစ်ခုမှာ အခုလိုဖော်ပြထားပါတယ်။
- တစ်စက္ကန့်တိုင်းမှာ – ညစ်ညမ်းရုပ်ပုံစာပေဝက်ဘ်ဆိုက်တွေကို ဝင်ရောက်ကြည့်ရှုသူ (၃၀,၀၀၀) နီးပါးရှိတယ်။
- တစ်မိနစ်တိုင်းမှာ – အင်တာနက်အသုံးပြုသူတွေဟာ ညစ်ညမ်းရုပ်ပုံစာပေနဲ့ပတ်သက်တဲ့ အီးမေးလ်ပေါင်း (၁.၇)သန်း ကျော်ပေးပို့နေကြတယ်။
- တစ်နာရီတိုင်းမှာ – အလွန်ညစ်ညမ်းတဲ့ ဗီဒီယို နှစ်ခုနီးပါး အမေရိကန်နိုင်ငံမှာ ထုတ်လုပ်နေကြတယ်။
- နေ့စဉ်နေ့တိုင်း – အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်းမှာပဲ ညစ်ညမ်းတဲ့ရုပ်ရှင် ပျမ်းမျှ နှစ်သန်းကျော်ကို ငှားရမ်း နေတယ်။
- လစဉ်လတိုင်း – အမေရိကန်နိုင်ငံမှာ အမျိုးသား ၁၀ ယောက်မှာ ၉ ယောက်နီးပါးနဲ့ အမျိုးသမီး ၁၀ ယောက်မှာ ၃ ယောက်နီးပါးဟာ ညစ်ညမ်းရုပ်ပုံစာပေတွေကို ကြည့်ရှုနေကြတယ်။
- နှစ်စဉ်နှစ်တိုင်း – ကမ္ဘာတစ်ဝန်း ညစ်ညမ်းရုပ်ပုံစာပေ ထုတ်လုပ်ဖြန့်ချိမှုတွေကနေ ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ (၁၀၀) ဘီလီယံ ရရှိနေကြတယ်။
အပြာရုပ်ရှင်တွေဟာ ပြင်းထန်တဲ့ပြိုင်ဖက်တွေဖြစ်ပြီး၊ လက်တွေ့လိင်မှုဘ၀ကတောင် သူ့ကို မယှဉ်ပြိုင်နိုင်ဘူးလို့ ဆိုပါ တယ်။ အရက်စွဲသူတွေဟာ အရက်ပမာဏများများကို တဖြည်းဖြည်းနဲ့ ပိုသောက်လာသလို၊ အပြာကားစွဲလမ်းသူတွေ ဟာလည်း စွဲလမ်းမှုအရှိန် ပိုပိုမြင့်တက်လာလေ့ရှိပြီး၊ ဖြတ်တောက်ဖို့လည်း ပိုပိုခက်ခဲလာပါတယ်။ နောက်ပိုင်းမှာ ဦးနှောက်ကို ထိခိုက်စေပြီး၊ အပြာကားတွေကို (၆)လလောက် စွဲလမ်းသွားရင်တော့ ဦးနှောက်ရဲ့ဟန်ချက်ညီမှုကို ထိခိုက် ပျက်စီးစေမှာ ဖြစ်ပါတယ်။ အပြာကား အကြည့်များသူတွေရဲ့ ဦးနှောက်ကို Scanဖတ်ပြီး စစ်ဆေးကြည့်တဲ့အခါ မူးယစ် ဆေးစွဲသူတွေနဲ့ အလားသဏ္ဍာန်တူနေတယ်လို့ Cambridge တက္ကသိုလ်လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။ အွန်လိုင်း ကနေ အပြာကားတွေကို စွဲစွဲလမ်းလမ်းကြည့်ရှုလေ့ရှိတဲ့လူငယ်တွေဟာ မူးယစ်ဆေးစွဲသလို စိတ်ဝေဒနာလက္ခဏာတွေ ခံစားရလာပါတယ်။ အပြာရုပ်ရှင်ကားတွေဟာ ဦးနှောက်အပေါ် အဆိပ်အတောက်ဖြစ်စေနိုင်ပြီး ကိုကင်းသုံးစွဲတဲ့အခါ ဖြစ်ပေါ်တဲ့ စွဲလမ်းမှုမျိုးနဲ့ ဆင်တူပါတယ်။ Kinsey Institute for Research in Sex, Gender, and Reproduction က လေ့လာသူတစ်ယောက်ဖြစ်တဲ့ အဲရစ် ဂျန်ဆင် Erick Janssen ကတော့ အပြာရုပ်ရှင်ကားစွဲလမ်းနေသူတွေဟာ မူးယစ် ဆေးဝါးစွဲလမ်းနေသူတွေလို ပြုမူတတ်ကြပေမဲ့ မူးယစ်ဆေးဝါးစွဲနေသူတွေကို ကုသသလိုတော့ ကုသလို့ မရဘူး လို့ ဆိုပါတယ်။
အပြာကားစွဲလမ်းခြင်းရဲ့အကျိုးဆက်များ
- လိင်မှုဘ၀ကို ထိခိုက်စေပါတယ်။ လက်တွေမကျတဲ့ ဆက်ဆံမှုပုံစံတွေ၊ ဓမ္မတာနဲ့ဆန့်ကျင်တဲ့ ဆက်ဆံနည်းတွေ ကိုစမ်းသပ်ချင်စိတ်တွေဖြစ်စေပါတယ်။ လိင်မှုရေးရာတွေမှာ ကိုယ့်ကိုယ်ကိုယ် ဘဝင်မကျ၊ အားမရ၊ စိတ်တိုင်း မကျတာတွေ ခံစားရစေပါတယ်။ လိင်မှုကိစ္စတွေမှာ ပိုခက်ထန်လာစေ၊ ပိုပြီးအစွန်းရောက်လာစေပြီး၊ လက်တွေ့ လိင်မှုဘ၀ကို ထိခိုက်စေပါတယ်။ ဒီထက်ပိုဆိုးလာတဲ့အခါ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ရာဇဝတ်မှုတွေကို တောင် ကျူးလွန်မိတဲ့အထိ ဆိုးဆိုးရွားရွားတွေ ဖြစ်လာစေနိုင်ပါတယ်။
- ချစ်ခြင်းမေတ္တာအပေါ် လွဲမှားစွာ နားလည်စေပါတယ်။ ချစ်ခြင်းမေတ္တာရဲ့ အနက်အဓိပ္ပာယ်နဲ့ အနှစ်သာရကို လိင်မှုကိစ္စအနေနဲ့သာ ဖွင့်ဆိုရှုမြင်တာမျိုးတွေ ဖြစ်လာပါတယ်။ အမျိုးသားတွေဆိုရင် အမျိုးသမီးတွေအပေါ် တန်ဖိုးထား လေးစားမှု လျော့နည်းသွားစေပါတယ်။ အပြာကားတွေဟာ မိန်းမတွေနဲ့ပတ်သက်ပြီး လက်တွေ့ မကျတဲ့အမြင်တွေကို မြင်စေတယ်။ မိန်းမတွေအပေါ် တစ်ဖက်သတ် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆက်ဆံတာကို အားပေးတဲ့လူစားမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ လေ့လာချက်တွေအရ အပြာကားကြည့်တတ်သူတွေဟာ နဂိုထက် (၆) ဆလောက် ပိုပြီးရိုင်းစိုင်းကြမ်းတမ်းစွာ ပြုမူတတ်လာကြတယ်လို့ ဆိုပါတယ်။ အကျိုးဆက် အနေနဲ့ ချစ်သူဘ၀၊ အိမ်ထောင်ရေးဘ၀မှာ မလိုလားအပ်တဲ့ပြဿနာတွေ ရှိလာနိုင်ပါတယ်။ Wendy and Larry Maltz တို့ ရေးတဲ့ The Porn Trap စာအုပ်မှာ “ညစ်ညမ်းရုပ်ပုံ စာပေတွေကြောင့် လင်မယားတွေကွာရှင်းပြီး မိသားစုတွေ ပြိုကွဲနေကြတယ်”လို့ ဆိုပါတယ်။ ညစ်ညမ်းရုပ်သံဇာတ်လမ်းတွေက တကိုယ်ကောင်းစိတ်တွေ ဖြစ်ပေါ်စေပြီး အချင်းချင်း စိမ်းကားလာ စေတဲ့အပြင် အိမ်ထောင်ဖက်အပေါ် စိတ်ကျေနပ်မှုလည်း ပျောက်ဆုံး စေတယ်။ လိင်ပိုင်းဆိုင်ရာ မတော်လျော်တဲ့ အတွေးစိတ်ကူးနဲ့ စိတ်ဆန္ဒတွေ ဖြစ်ပေါ်လာစေတယ်။ ချစ်သူအပေါ်၊ အိမ်ထောင်ဖက်အပေါ် မဖွယ်မရာပြုမူဖို့ လှုံ့ဆော်ပေးပြီး၊ အိမ်ထောင်ရေးဖောက်ပြန်ဖို့ တွန်းအားဖြစ်စေပါတယ်။
- ကိုယ့်ကိုယ်ကိုယ်လေးစားမှု လျော့နည်းစေပြီး၊ လုပ်ငန်းခွင်နဲ့ လူမှုရေးတွေ ထိခိုက်လာမယ်။ ကိုယ့်ကိုယ်ကိုယ် ရှက်စိတ်၊ မလုံမလဲစိတ်၊ အပြစ်တင်စိတ်တွေခံစားရလာစေပြီး တခြားသူတွေနဲ့ ကင်းကွာလာစေပါတယ်။ စိတ် မငြိမ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ တစ်ခုခုအပေါ် အာရုံမစူးစိုက်နိုင်ခြင်း၊ စိတ်ဓာတ်ကျ ခြင်းတွေကိုလည်းခံစားရစေလို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုဆက်ဆံရေးနဲ့ လုပ်ငန်းခွင်မှာပါ စွမ်းဆောင်ရည်တွေ ကျဆင်းစေပါတယ်။
- မသမာသူတွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုမှာ သားကောင်ဖြစ်သွားနိုင်ပါတယ်။ အပြာ website တွေထဲ၀င်ပြီး ကြိုက်တာတွေ့လို့ down ဖို့လုပ်တဲ့အခါ link တွေ ခံနေတတ်ပြီး၊ တစ်ချို့ link တွေမှာ virus တွေ ပါလာတတ်ပါ တယ်။ ဒါပေမယ့်လည်း စိတ်ကထိန်းမရတော့ ဆက် downရင်းကနေ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက် တွေနဲ့ privacy တွေအတွက် အန္တရာယ်တွေကို ကြုံရတတ်ပါတယ်။
- အပြာလောကကြီးကို အားပေးပံ့ပိုးမိသွားစေတယ်။ လိင်လုပ်သားလောကကြီးထဲ အသုံးချခံ၊ သားကောင်အဖြစ် ရောက်နေတဲ့ ရောင်းစားခံရတဲ့သူတွေ၊ လိင်ကျွန်တွေ၊ အနိုင်ကျင့်ခံရသူတွေကို တဖက်တလမ်းကနေ မစာနာရာ ရောက်စေပြီး၊ သူတို့ကို ခေါင်းပုံဖြတ်အမြတ်ထုတ်နေသူတွေကို အားပေးအားမြှောက်ပြုရာ ရောက်သွားပါတယ်။
စွဲလမ်းနေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ?
- နေ့တိုင်းကြည့်မိနေတယ်၊ မကြာမကြာ ကြည့်မိနေတယ်။ မကြည့်ရမနေနိုင် ဖြစ်လာတယ်။
- အတွေးတွေက အဲဒီ့အရာဆီ ရောက်သွားလေ့ရှိတယ်၊ အသစ်တွေကို ရှာဖွေနေတယ်။
- ဆင်ခြေတွေပေးပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေလေ့ရှိတယ်။
- နောက်ဆက်တွဲဆိုးကျိုးတွေခံစားနေရတာတောင် မစွန့်လွှတ်နိုင် ဖြစ်လာတယ်။
- ဖြတ်တောက်ဖြစ်ရင်လည်း ခဏလောက်ပဲခံပြီး၊ ပြန်ပြန်ကြည့်မိလေ့ရှိတယ်။
အပြာကားစွဲလမ်းမှုကို ရှင်းထုတ်နိုင်ဖို့ Battle Plan
- အဆက်ဖြတ်ခြင်း
- အပြာနဲ့ ဆိုင်တဲ့ Page တွေ၊ Group တွေ၊ App တွေ၊ ဖိုင်တွေအားလုံးကို ဖြတ်ပါ။ ရှင်းထုတ်လိုက်ပါ။
- Algorithm တွေကို သတိပြုပါ။ ပြောင်းလဲပစ်ပါ။ Ads Preference setting ကိုလည်း ပြောင်းလဲလိုက်ပါ။
- ဖုန်းမှာ Porn Blocker software များ ထည့်သွင်းပါ။ Best Porn Blocking Softwares ဆိုပြီး ရှာကြည့်ပါ။
- အစားထိုးခြင်း
- အကျိုးရှိရာတစ်ခုခု၊ ဝါသနာပါရာတစ်ခုခု၊ အားကစားတစ်ခုခုလုပ်ပြီး အာရုံလွှဲပြောင်းတာမျိုး၊ သင်တန်း တစ်ခုခုတက်ပြီး အိမ်စာတွေ၊ Project တွေနဲ့ ကိုယ့်ကိုယ်ကိုယ် မအားလပ်နိုင်အောင်လုပ်တာမျိုး၊ ကိုယ့် အတွေးအာရုံထဲကို ညစ်ညမ်းတဲ့အတွေးတွေ ဝင်လာချိန် မရအောင်လုပ်တာမျိုး ဖြစ်ပါတယ်။
- လိင်မှုကိစ္စအပေါ် သဘောထားအမြင် ပြောင်းလဲခြင်း
- အပြာရုပ်ရှင်ဇာတ်လမ်းတွေဟာ အလိမ်အညာတွေသာ ဖြစ်ပါတယ်။ လက်တွေ့ဘ၀နဲ့ မနီးစပ်တဲ့၊ လက်တွေ့ မကျတဲ့အရာတွေကို တကယ့်အစစ်အမှန်လို ထင်မှတ်နေစေလို့ လိမ်ဆင်တွေပဲ ဖြစ်ပါတယ်။ ကလေးတွေ က Superman, Spiderman ဇာတ်လမ်းတွေကြည့်ပြီး လေပေါ်ပျံဝဲဖို့ လုပ်သလိုမျိုး ဖြစ်ပါတယ်။
- အပြာရုပ်ရှင်ဇာတ်လမ်းတွေဟာ အဆိပ်အတောက်လည်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဦးနှောက်၊ ဆင်ခြင်တုံတရား နဲ့ အတွေးစိတ်၊ သဘောထားတွေကိုပါ အဆိပ်ခတ်မယ့်အရာဖြစ်ပါတယ်။ ဒီအဆိပ်က ကိုယ့်တစ်ယောက် တည်းကိုပဲ ဒုက္ခပေးမှာမဟုတ်ဘဲ၊ ကိုယ်နဲ့နီးစပ်သူတွေကိုပါ အန္တရာယ်ပေးမိစေမယ့် အဆိပ်မျိုး ဖြစ်ပါတယ်။
- အပြာရုပ်ရှင်ဇာတ်လမ်းတွေဟာ လိင်လုပ်သားလောကနဲ့ စျေးကွက်ကြီးကို ပိုပြီး အဓွန့်ရှည်စေပါတယ်။ ဒီလောကထဲ လမ်းမှားပြီး ရောက်သွားမိသူတွေ၊ ရောင်းစားခံရသူတွေ၊ လိင်ကျွန်ပြုခံရသူတွေကို နစ်နာသည် ထက် နစ်နာအောင် လုပ်သလို ဖြစ်စေပါတယ်။ ဒါဟာ စာနာစိတ်ကင်းမဲ့တဲ့လုပ်ရပ်တစ်ခုပါပဲ။
- လိင်စိတ်ဆိုတာ ဘုရားပေးတဲ့လက်ဆောင်မွန်တစ်ခုဖြစ်ပြီး၊ လိင်စိတ်ဆန္ဒဆိုတာဟာလည်း ဇီ၀သဘာ၀စိတ် တစ်ခုပါ။ ညစ်ပတ်၊ညစ်ညမ်းတဲ့အရာ၊ အပြစ်တစ်ခု၊ အမှားအယွင်းတစ်ခု မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အလွဲသုံးဖို့လည်း မဟုတ်ပါ ဘူး။ ဥပမာ - ဒေါသစိတ်ဆိုတာကလည်း သဘာ၀စိတ်တစ်ခုပါပဲ။ ကောင်းတဲ့ နေရာမှာသုံးရင် အကျိုးများ ပြီး၊ မကောင်းတဲ့နေရာမှာသုံးမိရင် ဘ၀တွေနဲ့ချီပြီး နစ်နာစေတတ်ပါတယ်။
- လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်နားလည်ထားတဲ့အမြင်နဲ့ ခံယူချက်ကို သတိပြုဖို့ လိုပါတယ်။ လူများစွာရဲ့ အမြင်မှာ လိင်မှုကိစ္စကို Consumerism လို့ မြင်နေအချိန်မှာ၊ သမ္မာကျမ်းစာကတော့ Covenant ပဋိညာဉ် တစ်ခုလို့ မြင်ပါတယ်။ Consumerism ဆိုတာကတော့ စားသုံးသူရဲ့အကျိုးစီးပွား၊ စိတ်ဆန္ဒနဲ့ အာသီသကိုပဲ ဦးစားပေးတဲ့အမြင်ပြီး၊ တစ်ဖက်သတ်ဆန်၊ တကိုယ်ကောင်းဆန်ပါတယ်။ Covenant ပဋိညာဉ် ဆိုတာက အနည်းဆုံး ပုဂ္ဂိုလ်နှစ်ဦးကြားမှာထားရှိတဲ့ သစ္စာကတိဝတ်နဲ့ ဆိုင်တဲ့ကိစ္စလို့ ဆိုလိုတာ ဖြစ်ပါတယ်။ သမ္မာ ကျမ်းစာကဖော်ပြတဲ့ လိင်မှုကိစ္စက ဘုရားရယ်၊ ကိုယ်ရယ်၊ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ရယ်ဆိုပြီး သုံးပွင့်ဆိုင် ပဋိညာဉ်မျိုး ဖြစ်ပါတယ်။





