အောင်မြင်မှု ဝိရောဓိ

အောင်မြင်မှုဟာ ထောင်ချောက်တစ်ခုလို ဖြစ်တတ်တယ်။ အကြောင်းကတော့ အောင်မြင်မှုကို ထိန်းသိမ်းနေ ရတာရယ်၊ လက်ရှိအောင်မြင်မှုထိခိုက်သွားမှာစိုးရိမ်စိတ်ကြောင့် အပြောင်းအလဲတွေနဲ့ စွန့်စားမှုတွေလုပ်ဖို့ ခက်ခဲလာတာရယ်၊ နောက်တဆင့် မြင့်မားတိုးတက်မှုနဲ့ ကျေနပ်မှုတွေကိုရရှိဖို့ မလွယ်တာတွေရယ်ကြောင့် အောင်မြင်မှုဟာ ထောင်ချောက်တစ်ခုလို ဖြစ်သွားတယ်။
အောင်မြင်မှုဆိုတာ ဘာလဲ?
- အောင်မြင်မှုဆိုတာ အဓိပ္ပာယ်ဖွင့်ရခက်တဲ့ကိစ္စတစ်ခုပါ။ စီးပွားရေးသမားတစ်ယောက်ရဲ့ ဖွင့်ဆိုပုံနဲ့ ကဗျာဆရာ တစ်ယောက်ရဲ့ ဖွင့်ဆိုပုံချင်း မတူညီနိုင်သလို၊ ကျောင်းသားတစ်ယောက်ရဲ့ ဖွင့်ဆိုပုံနဲ့ ပရဟိတသမားတစ်ဦးရဲ့ ဖွင့်ဆိုပုံ၊ လူငယ်တစ်ယောက်ရဲ့ ဖွင့်ဆိုပုံနဲ့၊ သက်ကြွယ်လူကြီးတစ်ယောက်ရဲ့ ဖွင့်ဆိုပုံချင်းလည်း မတူနိုင်ပါဘူး။
- ယေဘူယျအားဖြင့် အောင်မြင်မှုဆိုတာ ‘စိတ်ကူးရည်မှန်းချက်တွေ ပြည့်စုံခြင်း’လို့ ဖွင့်ဆိုကြတယ်။ တချို့က ‘ဟန်ချက်ညီမျှခြင်း’လို့ ဖွင့်ဆိုကြပြီး၊ တချို့က ‘ရောင့်ရဲနိုင်ခြင်း’လို့ ဖွင့်ဆိုတယ်။ တချို့ကတော့ ‘ကိုယ့်ဘ၀ကို ကျေနပ်ခြင်း’လို့ ဖွင့်ဆိုကြပြီး၊ တချို့က ‘သမိုင်းအမွေကောင်း ချန်ရစ်နိုင်ခြင်း’လို့ ဖွင့်ဆိုတယ်။
- Sir Richard Branson — လူတော်တော်များများက ‘ငွေဘယ်လောက်ရှာနိုင်လဲ၊ ဘယ်လိုအသိုင်းအ၀ိုင်းမှာ ဝင်ဆန့်နိုင်လဲ’ဆိုတာကို ကြည့်ပြီး လူတစ်ယောက်ရဲ့အောင်မြင်မှုကို တိုင်းတာကြတယ်။ ကျွန်တော်ကတော့ ‘ကိုယ်ဘယ်လောက် ကျေနပ်ပျော်ရွှင်သလဲ’ ဆိုတဲ့အရာနဲ့ပဲ တိုင်းတာသင့်တယ်ထင်တယ်။
- Warren Buffett — ကျွန်တော်ကတော့ လူဘယ်လောက်များများက ကျွန်တော့်ကို ချစ်ခင်ကြသလဲဆိုတာနဲ့ပဲ အောင်မြင်မှုကို တိုင်းတာတယ်။
- Stephen Covey — ကိုယ့်ရဲ့ ဈာပနမှာ ကိုယ်နဲ့ ပတ်သက်ပြီး လူတွေ ဘာပြောစေချင်လဲဆိုတာကို သင်သေချာ စဉ်းစားမိပြီဆိုရင် အောင်မြင်မှုနဲ့ ပတ်သက်ပြီး သင့်ရဲ့ ကိုယ်ပိုင်ဖွင့်ဆိုချက်ကို သင်တွေ့ရှိပြီပေါ့။
အောင်မြင်မှုအမျိုးမျိုး
- အခြေခံအားဖြင့် တသီးပုဂ္ဂလအောင်မြင်မှုနဲ့ အများအကျိုးပြုတဲ့အောင်မြင်မှုဆိုပြီး ခွဲခြားလို့ ရနိုင်တယ်။
- တသီးပုဂ္ဂလအောင်မြင်မှုမှာ အခြေခံလိုအပ်ချက်တွေပြေလည်တဲ့အောင်မြင်မှုနဲ့ အကျိုးစီးပွားဆိုင်ရာ အောင်မြင်မှု၊ ဘ၀စိတ်ကူးအိပ်မက်တွေပြည့်မြောက်အောင်မြင်မှုဆိုပြီး နှစ်မျိုးခွဲလို့ ရနိုင်သေးတယ်။
- အများအကျိုးပြုတဲ့အောင်မြင်မှုကတော့ လူမှုအသိုက်အဝန်းတစ်ခုမှာ ကိုယ်ရည်ရွယ်မျှော်လင့်ထားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ထွန်းလာခြင်းလို့ ဆိုနိုင်တယ်။
အောင်မြင်မှုအကြောင်း ယုံတမ်းစကားများ
ယုံတမ်းစကား (၁) - အောင်မြင်မှုဆိုတာ ပန်းတိုင်ရောက်ရှိခြင်းဖြစ်တယ်။
အောင်မြင်မှုဟာ ပန်းတိုင်တစ်ခု၊ အဆုံးသတ်တစ်ခုမဟုတ်ပါဘူး။ ဖြစ်စဉ်တစ်ခု၊ ခရီးစဉ်တစ်ခုပဲ ဖြစ်ပါတယ်။
‘အောင်မြင်မှုဟာ အဆုံးမရှိဘူး’ လို့ ဝင်စတန်ချာချီက ပြောဖူးတယ်။ ရပ်ကွက်အဆင့်အောင်မြင်မှုကစလို့၊ မြို့နယ်-ခရိုင်-တိုင်းအဆင့်၊ နိုင်ငံအဆင့်၊ နိုင်ငံတကာအဆင့်ထိ အောင်မြင်ချင်တဲ့စိတ်ဟာ အဆုံးမရှိဘူး။ ဒါကြောင့် လူတွေဟာ အောင်မြင်မှုအဆင့်တစ်ခုရောက်ရင် စိတ်ပျော်ရွှင်ကြပေမယ့်၊ ဒီခံစားချက်က ခဏပဲ ခံပြီး၊ မကြာခင်မှာ ပိုကြီးမားတဲ့အောင်မြင်မှုကို လိုချင်လာတယ်၊ ဒါမှပဲ ကျေနပ်နိုင်မယ်လို့ ခံစားလာရလေ့ ရှိတယ်။
ယုံတမ်းစကား (၂) - အောင်မြင်မှုဟာ ချိုမြိန်တယ်။
လူအများစု ရှာဖွေပြောဆိုလေ့ရှိတဲ့အောင်မြင်မှုက “နှိုင်းယှဉ်အောင်မြင်မှု” ဖြစ်တယ်။ ပြိုင်ဆိုင်မှုကြီးမားတဲ့ လူအဖွဲ့အစည်းမှာ လူတွေဟာ ကိုယ့်ရဲ့ တိုးတက်လာမှုကိုကြည့်ပြီး အားရကျေနပ်ရမယ့်အစား၊ အခြားသူတွေ ရထားတဲ့အောင်မြင်မှုကိုကြည့်ပြီး အားကျစိတ်၊ နှိုင်းယှဉ်စိတ်၊ မနာလိုစိတ်တွေကြောင့် အောင်မြင်မှုရဲ့ ချိုမြိန်မှု ကို ကောင်းကောင်းခံစားရလေ့ မရှိကြဘူး။
အောင်မြင်မှုက ကျွန်တော်တို့ကို ပုံရိပ်တစ်ခုကို ပေးတယ်။ အဲဒီ့ပုံရိပ် ထိခိုက်သွားမှာ၊ ပျက်ပြယ်သွားမှာ စိုးထိတ်နေတဲ့ခံစားချက်ကိုလည်း ပေးပြန်တယ်။ ဥပမာ - ရွှေခါးပတ်ရဖို့ ကြိုးစားရတာက ခက်ခဲတယ်။ ရွှေခါးပတ်ကို ထိန်းထားနိုင်ဖို့က ပိုပင်ပန်းတယ်။ ဒါကြောင့် အောင်မြင်မှုဟာ ဖိအားတစ်ခု၊ ထောင်ချောက် တစ်ခု၊ ကျိန်စာတစ်ခုတောင် ဖြစ်တယ်လို့ တချို့က ပြောကြတယ်။
Chris Evert ဟာ ၁၉၇၀-၈၀ နှစ်ကာလတွေမှာ ကမ္ဘာ့ထိပ်တန်း တင်းနစ်မယ်တစ်ယောက်ဖြစ်ခဲ့သူပါ။ တင်းနစ် သမိုင်းတလျှောက် အနိုင်အရှုံးမှတ်တမ်းတွေအရ သူမဟာ အကောင်းဆုံး single player တစ်ဦးလို့ ပြောလို့ရ တယ်။ ဒါပေမယ့် ကစားသမားဘ၀ကနေ အနားယူဖို့စဉ်းစားတိုင်း သူထိတ်လန့်နေလေ့ရှိတယ်။ အင်တာဗျူး တစ်ခုမှာ အခုလို သူဖွင့်ဟဝန်ခံခဲ့ဖူးတယ်။ “တင်းနစ်သာမရှိရင် ကျွန်မဘယ်လိုဖြစ်မလဲတောင် မသိဘူး။ တင်းနစ်ချန်ပီယံဆိုပြီး အမြဲဖော်ပြခံရလေ့ရှိလို့ စိတ်ကျမှုနဲ့ကြောက်ရွံမှုတွေ ကျွန်မခံစားခဲ့ရတယ်။ အနိုင်ပွဲတွေ ရတဲ့အခါ ကျွန်မကိုယ်ကျွန်မ ‘ထူးခြားသူ’လို ခံစားရတယ်။ အဲဒီ့ခံစားချက်က မူးယစ်ဆေးစွဲတဲ့ ခံစားချက်လို မျိုးပဲ။ ကျွန်မရဲ့ ပုံရိပ်ကိုဖန်တီးနိုင်ဖို့ အနိုင်ပွဲတွေ၊ လက်ခုပ်သံတွေကို ကျွန်မလိုချင်တောင့်တနေ လေ့ရှိတယ်။
အောင်မြင်မှုဟာ ထောင်ချောက်တစ်ခုလို ဖြစ်တတ်တယ်။ အကြောင်းကတော့ အောင်မြင်မှုကို ထိန်းသိမ်းနေ ရတာရယ်၊ လက်ရှိအောင်မြင်မှုထိခိုက်သွားမှာစိုးရိမ်စိတ်ကြောင့် အပြောင်းအလဲတွေနဲ့ စွန့်စားမှုတွေလုပ်ဖို့ ခက်ခဲလာတာရယ်၊ နောက်တဆင့် မြင့်မားတိုးတက်မှုနဲ့ ကျေနပ်မှုတွေကိုရရှိဖို့ မလွယ်တာတွေရယ်ကြောင့် အောင်မြင်မှုဟာ ထောင်ချောက်တစ်ခုလို ဖြစ်သွားတယ်။
တဖက်မှာလည်း အောင်မြင်မှုဟာ ကျိန်စာလိုဖြစ်နေတတ်ပြန်တယ်။ အောင်မြင်လာတာနဲ့အမျှ ဖိအားတွေများ လာတာ၊ ကိုယ့်အပေါ် လူတွေရဲ့ အထင်ကြီးမှုနဲ့ မျှော်လင့်ချက် ကြီးမားလာတာ၊ စောင့်ကြည့်ခံရမှုတွေကြောင့် ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ ဆုံးရှုံးလာတာ၊ ရင်းနှီးတဲ့သူတွေနဲ့ ဆက်ဆံရေးပိုင်း အားလျော့လာတာ၊ အာရုံစိုက် ရမယ့်အရာတွေ၊ ရည်ရွယ်ချက်တွေ ဝေဝါးပျောက်ဆုံးသွားနိုင်တာကြောင့် အောင်မြင်မှုဟာ ကျိန်စာတစ်ခုလို ဖြစ်သွားတတ်ပါတယ်။
ယုံတမ်းစကား (၃) - အောင်မြင်သူတွေဟာ ပျော်ရွှင်ကြတယ်။
အောင်မြင်သူတွေဟာ အရင်ကထက် ဘ၀မှာ သက်တောင့်သက်သာရှိလာတာမှန်ပေမယ့် ပိုပျော်ရွှင်ကြတယ် လို့ တထစ်ချပြောဖို့ ခက်နေသေးတယ်။ ဥပမာ - Serena J. Williams (တင်းနစ်မယ်)၊ Robin Williams (ဟာသ သရုပ်ဆောင်မင်းသားကြီး)၊ Heath Ledger (ဂျိုကာမင်းသားကြီး)၊ Jim Carrey (မျက်နှာဖုံး ဟာသမင်းသား) တို့ဟာ ကျော်ကြားတဲ့အောင်မြင်သူတွေဖြစ်ကြပေမယ့် ဘ၀မှာ ပျော်ရွှင်မှု မရှိခဲ့ကြဘူး။
အဆင့်မြင့်အမှုဆောင်အရာရှိတွေရဲ့ အကြံပေးအဖြစ်လုပ်ကိုင်ခဲ့တဲ့ Mary Bell က “အောင်မြင်မှုဟာ ကျွန်မတို့ ခေတ်ရဲ့ အရက်ပဲ Alcohol of our time”လို့ ဆိုတယ်။ ဒီခေတ်မှာ လူတော်တွေဟာ အရက်ကြောင့်ပျက်ဆီးတာ ထက်၊ အောင်မြင်မှုကြောင့် ပျက်ဆီးတာ ပိုများလာတယ်။ အောင်မြင်လာတဲ့အခါ ခံစားချက်တွေ ကောင်းလာ တယ်။ ဒါပေမယ့် ဒီခံစားချက်က အကြာကြီးမခံဘဲ ပုံမှန်အဆင့်ကို ပြန်ကျသွားတယ်။ ဒါပေမယ့် အောင်မြင်မှု ကပေးတဲ့ ကျေနပ်မှုနဲ့ ကြည်နူးမှုအရသာကိုသိသွားတော့ အဲဒီ့ခံစားချက်မျိုးပြန်ရအောင် ကြိုးစားရပြန်တယ်။ ပြဿနာက ဘယ်သူမှ အမြင့်မှာ တချိန်လုံးနေရဖို့ မလွယ်ဘူး။ ဒီအချိန်မှာ ကိုယ်ကလည်း ကိုယ့်ဘ၀တန်ဖိုးကို အောင်မြင်မှုနဲ့ အမြဲတိုင်းတာလေ့ရှိတော့ ကြာလာတာနဲ့အမျှ နာကျင်ပင်ပန်းလာတယ်။ တချိန်တုန်းက မြင့်မား လှတဲ့အောင်မြင်မှုဆိုတာကိုလည်း မြင့်မားတယ်လို့ မခံစားရတော့ဘူး။ ဒီလိုနဲ့ ပိုမြင့်မားတဲ့အောင်မြင်မှုတွေ နောက်ကိုလိုက်ရင်း ဖိစီးပင်ပန်းလာတယ်။ အောင်မြင်မှုကိုဆေးစွဲသလို စွဲလန်းသွားတာဟာ အခြားစွဲလန်းမှု တွေနဲ့ ဘာမှ မထူးမခြားနားတဲ့ကိစ္စပဲ။





