(၁၀)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့မတိုင်ခင်လေးမှာ ကွာရှင်းခွင့်တောင်းခံခဲ့လိုက်ရတဲ့ Shauna Shanks
မေတ္တာသည် ဖေါက်ပြန်ခြင်းသဘောနှင့် အစဉ် ကင်းလွတ်၏”ဆိုတဲ့ ကျမ်းစကားတွေကို သူဖတ်မိပြီး သူ့ယောကျ်ားကို အပြစ်မြင်၊အပြစ်တင်ဖို့ထက် ကိုယ့်ကိုယ်ကိုယ် ပြန် စစ်ကြည့်ဖို့ ဘုရားကစေခိုင်းနေသလို ခံစားရကြောင်း သူကပြန်ပြောပြပါတယ်။
၂၀၁၃ ခုနှစ်ရဲ့ အောက်တိုဘာလ တစ်ညမှာ ခင်ပွန်းသည် Micah Shanks က “ငါ မင်းကို မချစ်ဘူး၊ မင်းအပေါ် စိတ်လည်း ကုန်နေပြီ၊ ငါတို့ အိမ်ထောင်ရေးဇာတ်လမ်း ဒီမှာပဲ အဆုံးသတ်ကြမယ်”လို့ ရုတ်တရက်ကြီး ပြောလာတဲ့အခါ Shauna လည်း ရုတ်တရက် ကြောင်သွားပြီး ဆွံ့အသွားခဲ့ပါတယ်။ သူ့ယောကျာ်း ဒီလိုပြောလာတဲ့အချိန်မှာ သူတို့မှာ သား(၃)ယောက်နဲ့ အိမ်ထောင်သက်(၁၀)နှစ် ရှိနေပါပြီ။
အိမ်ထောင်တိုင်းလိုလိုမှာဖြစ်တတ်တဲ့ ကတောက်ကဆတွေ၊ အတက်အကျတွေကို သူတို့အိမ်ထောင်မှာလည်း ကြုံရပေမယ့်၊ လမ်းခွဲဖို့အထိ ဖြစ်လာမယ်လို့ Shauna Shanks တစ်ခါမှ မထင်ခဲ့မိဘူး။ နောက်(၂)ပတ်လောက်အကြာမှာတော့ သူ့ယောကျာ်းဟာ တခြား အမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြန်နေတာကို သူသိခဲ့ရပါတယ်။
ခင်ပွန်းသည်ရဲ့ စိတ်နဲ့ နှလုံးသားဟာ သူတို့ရဲ့ အိမ်ထောင်မှာ ရှိမနေတော့တာကို သိရတော့ အစပိုင်းမှာ သူအတော်လေး စိတ်ပျက်ပြီး ဒေါသထွက်ခဲ့တယ်။ ဒီအချိန်မှာပဲ သူကျမ်းစာကောက်ဖတ်ကြည့်ချိန်မှာ “မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူး ပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။ မလျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟု မထင်တတ်၊ မတရားသော အမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက်တတ်၏။ ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်း သောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ မေတ္တာသည် ဖေါက်ပြန်ခြင်းသဘောနှင့် အစဉ် ကင်းလွတ်၏”ဆိုတဲ့ ကျမ်းစကားတွေကို သူဖတ်မိပြီး သူ့ယောကျ်ားကို အပြစ်မြင်၊အပြစ်တင်ဖို့ထက် ကိုယ့်ကိုယ်ကိုယ် ပြန် စစ်ကြည့်ဖို့ ဘုရားကစေခိုင်းနေသလို ခံစားရကြောင်း သူကပြန်ပြောပြပါတယ်။
Shauna Shanks လည်း ဘုရားစကားပြောတာကို ခံစားရတဲ့အခါ သူ့ရဲ့ အိမ်ထောင်ရေးကို သူကိုယ်တိုင် ပြန်ကုစားချင်ခဲ့တယ်၊ ပြန်တည်ဖို့ ကြိုးစားချင်ခဲ့တယ်၊ သူ့ယောကျာ်းနဲ့ ထိပ် တိုက်တွေ့ပြီး ဆွေးနွေးချင်ခဲ့တယ်။ ဒါပေမယ့် ဘုရားသခင်က “မင်းယောကျာ်းရဲ့စိတ်ကို ပြောင်းလဲပေးဖို့က ငါ့တာဝန်ထားပါ။ အခုတော့ မင်းဖတ်ခဲ့တဲ့ ကျမ်းစာပိုဒ်ထဲကအချက်တွေအတိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်စစ်ဆေးရင်း အဲဒီ့အတိုင်း အသက် ရှင်နိုင်ဖို့ ဂရုစိုက်ပါ”လို့ ဘုရားရဲ့ စေခိုင်းမှာကြားသံကို ပြန်ကြားခဲ့ရပါတယ်။
ဒီနောက်မှာတော့ Shauna Shanks လည်း ဘုရားဖြစ်စေချင်တဲ့အတိုင်း မေတ္တာစစ်ရဲ့ ဂုဏ်သတ္တိတွေ သူ့မှာ ရှိမရှိ စစ်ဆေး ရင်း၊ မေတ္တာရဲ့ ဂုဏ်သတ္တိတွေ သူ့နေ့စဉ်ဘ၀မှာ ဖြစ်နေ၊ထင်ရှားနေစေဖို့ ဂရုစိုက်လာပါတယ်။ ဒီလိုနဲ့ အချိန်အနည်းငယ် အကြာမှာ ခင်ပွန်းသည် Micah ရဲ့ စိတ်တွေ ပြောင်းလဲလာခဲ့တယ်။ နောက်တော့ သူ့ဇနီးကို သူမစွန့်ခွာနိုင်တော့ဘဲ၊ သူတို့ရဲ့ အိမ်ထောင်ရေးကို ရပ်စဲပြတ်စဲမယ့်အစား ပျော်ရွှင်သာယာလာစေဖို့ သူလုပ်ဆောင်လာခဲ့တယ်။ အခုတော့ Shauna Shanks နဲ့ Micah Shanks တို့ဟာ ဘုရားပေးတဲ့ သား(၃)ယောက်နဲ့အတူ ဘ၀ကို သာယာပျော်ရွှင်စွာ ဖြတ်သန်း နေကြပါပြီ။
Shauna Shanks က သူ့ရဲ့ အိမ်ထောင်ကို ဘုရားက ဘယ်လိုချစ်ခြင်းမေတ္တာမျိုးနဲ့ ကုစားစေခဲ့ကြောင်း ကိုယ်တိုင်ရေးသား ထုတ်ဝေထားတဲ့ A Fierce Love ဆိုတဲ့စာအုပ်ဟာလည်း အိမ်ထောင်ရေးမတည်မငြိမ်ဖြစ်နေတဲ့ အိမ်ထောင်ဘက်တွေ ကြားမှာ အထူးထင်ရှားပါတယ်။ အခုဆိုရင် Shauna Shanks ဟာ အိမ်ထောင်ရေးဟောပြောပွဲတွေ တော်တော်များများမှာ ဟောပြောသူအဖြစ် ဖိတ်ကြားခံရပြီး၊ အိမ်ထောင်သည်များစွာရဲ့ ဆွေးနွေးဖော်၊ အတိုင်အပင်ခံတစ်ဦးလည်း ဖြစ်လာခဲ့ပါ တယ်။
Shauna Shanks ရဲ့ အိမ်ထောင်ရေးဖြစ်ရပ်ကနေ သင်ခန်းစာယူစရာ အချက်(၃)ခုကို တွေ့ရပါတယ်။
- အိမ်ထောင်ရေးသာယာနေတယ်လို့ ထင်ရပေမယ့်၊ ငယ်ဘ၀ဖြတ်သန်းခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကြောင့်ဖြစ်စေ၊ ဒါမှ မဟုတ် ဘေးကသွေးဆောင်မှုတွေကြောင့်ဖြစ်စေ အိမ်ထောင်ရေးမတည်ငြိမ်မှု ဖြစ်တတ်ပါတယ်။
- အိမ်ထောင်ရေးမတည်ငြိမ်မှုကြုံတဲ့အခါတိုင်းမှာ လူတော်တော်များများက ဖောက်ပြန်သူကို အပြစ်တင်ရင်း ပြဿနာပိုကြီးအောင်လုပ်တတ်ကြပေမယ့် Shauna Shanks ရဲ့ ဖြစ်ရပ်မှာတော့ သူ့ခင်ပွန်းသည်ကို အပြစ်တင်ဖို့နဲ့ ပြုပြင်ဖို့ တောင်းဆိုခြင်းထက် သူ့ကိုယ်သူပြန်စစ်ဆေးပြုပြင်နိုင်ဖို့ ကြိုးစားခဲ့တာကလည်း သင်ခန်းစာ ယူစရာပါ။
- ပြိုလဲလုလုဖြစ်တဲ့ အိမ်ထောင်ရေးကို ပြန်လည်ကုစားနိုင်ဖို့ သော့ချက်က မေတ္တာစစ်၊မေတ္တာမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အိမ်ထောင်တစ်ခု မတည်မငြိမ်၊ မသာမယာဖြစ်လာတဲ့အခါတွေမှာ ကိုယ့်စိတ်ခံစားချက်တွေကို အလို လိုက်ပြီး စိတ်ထင်ရာလုပ်တာထက်၊ ဘုရားဘက်ကိုလှည့်ပြီး လမ်းပြပေးဖို့ အကူအညီတောင်းခံကြည့်ပါ။ ဘုရားက စိုးရိမ်ဖွယ်ရာ၊ စိတ်ပျက်ဖွယ်ရာ အိမ်ထောင်ရေးကို အကောင်းဆုံး ပြန်ကုစားကျန်းမာစေနိုင်တယ်လို့ ဖော်ပြချင်ပါတယ်။
ချစ်သူတိုင်း၊ အိမ်ထောင်တိုင်း သာယာပျော်ရွှင်ကြပါစေ။ အာမင်။





