မီးရထားရှေ့ ပစ်လှဲချပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့လုပ်ခဲ့တဲ့ Kristen 

သေချင်လို့ ဒီလိုလုပ်ခဲ့တာတောင်၊ အသက်မသေခဲ့လို့ သူ့ကိုယ်သူ အံ့အားသင့်ခဲ့ရတယ်။ အဲဒီ့နောက်မှာ (၃)နှစ်လောက် စိတ်ကျရောဂါနဲ့ လုံးထွေးခဲ့ရပေမယ့် သူငယ်ချင်းတစ်ယောက်ကြောင့် ယေရှုဘုရားအကြောင်း သူကြားသိခွင့် ရခဲ့တယ်။

ကမ္ဘာပေါ်မှာ စက္ကန့်(၃၀)တိုင်းမှာ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ လုပ်ကြပါတယ်။ ဆယ်ကျော်သက် (၁၀)ယောက်မှာ (၆)ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ စဉ်းစားနေကြပြီး၊ (၁၀)ယောက်မှာ တစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ကြိုးစားဖူးကြပါတယ်။ 𝐊𝐫𝐢𝐬𝐭𝐞𝐧 𝐀𝐧𝐝𝐞𝐫𝐬𝐨𝐧 ဟာလည်း အဲဒီ့ထဲကတစ်ယောက် ဖြစ်ပါတယ်။ 𝐃𝐞𝐚𝐝𝐦𝐚𝐧 𝐰𝐚𝐥𝐤𝐢𝐧𝐠 ဆိုတဲ့စကားကို ကြားဖူးမှာပေါ့။ ‘လူသေလမ်းလျှောက်’လို့ ဘာသာပြန်ရမယ်ထင်တယ်။ ဒီစကားကို ပြောလိုက်ရင် များသောအားဖြင့် ဖုတ်ကောင်တွေ လမ်းလျှောက်နေတာကို ပြေးမြင်မိကြမှာပါ။ တကယ်တော့ အပြင်ပန်း မှာ အသက်ရှင်နေသလိုရှိပေမယ့်၊ အတွင်းစိတ်မှာ သေနေတာမျိုး၊ ရှင်သန်ချင်စိတ်ကုန်ခမ်းနေတဲ့လူတွေ အများကြီး ရှိပါ တယ်။ 𝐊𝐫𝐢𝐬𝐭𝐞𝐧 𝐀𝐧𝐝𝐞𝐫𝐬𝐨𝐧 က သူ့ဘ၀ကို အဲလိုပဲမြင်ပါတယ်။ “ကျွန်မကိုကြည့်ရင် အပြင်ပန်းမှာတော့ တက်ကြွတဲ့သူ၊ အဆင်ပြေနေသူလို့ အများကထင်နေကြပေမယ့် တကယ်တော့ ကျွန်မဟာ စိတ်ခံစားချက်အရ သေနေသူတစ်ယောက် ဖြစ်တယ်”လို့ ဆိုပါတယ်။ 


𝐊𝐫𝐢𝐬𝐭𝐞𝐧 ရဲ့ ငယ်ဘ၀ဟာ ကောင်းမွန်ပြည့်စုံတဲ့မိသားစုမှာ ကြီးပြင်းခဲ့တာပါ။ သူလိုချင်သမျှ ဖြည့်ဆည်းပေးတတ်တဲ့ မိဘနဲ့ မောင်နှမတွေကြားမှာ ကြီးပြင်းလာခဲ့ရတာပါ။ ဒါကြောင့် သူ့ဘ၀မှာ အခက်အခဲလို့ ပြောပလောက်တဲ့အရာ ဘာမှမရှိဘဲ ကြီးပြင်းလာခဲ့တယ်။ ဒါပေမယ့် သူ့အသက်(၁၅)နှစ်အရွယ်ရောက်တဲ့အခါ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း(၄)ယောက်လုံး သေဆုံးသွားခဲ့ပြီး၊ သူ့အဖွားလည်း မကြာခင်မှာဆုံးပါးသွားခဲ့တယ်။ အဖွားဆုံးပြီးတစ်နှစ်ခွဲလောက်အကြာမှာ သူငယ်ချင်း တစ်ယောက်ရဲ့ မတရားပြုကျင့်တာကိုလည်း ခံခဲ့ရတယ်။ ဆယ်ကျော်သက်လူငယ်မိန်းကလေးတစ်ယောက်အတွက် ဒါတွေကို ရင်ဆိုင်နိုင်ဖို့ အတော်ခက်ခဲပါတယ်။ ဒါကြောင့်ပဲ ရှင်သန်ချင်စိတ်တွေ ကုန်ခမ်းသွားပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ လုပ်ခဲ့တယ်။ သူ့အိမ်ကနေ ကြားရတဲ့မီးရထားခုတ်မောင်းသံကြောင့် မီးရထားရှေ့ပစ်လှဲပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါနဲ့ပဲ အေးချမ်းတဲ့ ဇန်နဝါရီရဲ့ ညတစ်ညမှာ တစ်နာရီကို (၅၅)မိုင်နှုန်းနဲ့ ခုတ်မောင်းလာတဲ့ ကုန်တွဲ(၃၃)တွဲပါ မီးရထားရှေ့မှာ လှဲချလိုက်ပါတယ်။ သူ့ခန္ဓာကိုယ်ပေါ် မီးရထားဖြတ်မောင်းသွားတာကို သူကိုယ်တိုင် သတိမလွင့်သွားဘဲ ကြည့်နေခဲ့တယ်။ သေဘေးကနေလွတ်မြောက်ခဲ့ပေမယ့် သူ့ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးလိုက်ရပြီး သွေးလည်း (၈)အိတ်လောက် သွင်းခဲ့ရတယ်။ 


သေချင်လို့ ဒီလိုလုပ်ခဲ့တာတောင်၊ အသက်မသေခဲ့လို့ သူ့ကိုယ်သူ အံ့အားသင့်ခဲ့ရတယ်။ အဲဒီ့နောက်မှာ (၃)နှစ်လောက် စိတ်ကျရောဂါနဲ့ လုံးထွေးခဲ့ရပေမယ့် သူငယ်ချင်းတစ်ယောက်ကြောင့် ယေရှုဘုရားအကြောင်း သူကြားသိခွင့် ရခဲ့တယ်။ ယေရှုဘုရားဟာ ကယ်တင်ရှင်ဘုရားဖြစ်ပြီး၊ လွတ်မြောက်ခြင်းသို့ သွားရာ တစ်ခုတည်းသောလမ်းဖြစ်တယ်ဆိုတာကို သူကြားသိလိုက်ရချိန်မှာ၊ ဒီသတင်းကောင်းကိုကြားသိခွင့်ရဖို့ သူသေကံမရောက်ခဲ့တာကိုသိပြီး ဝမ်းသာခဲ့ရတယ်။ 𝐊𝐫𝐢𝐬𝐭𝐞𝐧 က ပြောတယ်။ ကျွန်မဘ၀ဟာ နေ့ချင်းညချင်းကြီးတော့ ပြောင်းလဲမသွားခဲ့ဘူး။ နောက်ထပ်(၃)နှစ်လောက် ကျွန်မရုန်းကန်ခဲ့ရသေးတယ်။ ဒါပေမယ့် ဘုရားရဲ့ ကျမ်းစကားတွေကို နာယူလေ့လာလေလေ၊ ကျွန်မဘ၀ရဲ့ အေးချမ်း သက်သာခြင်းနဲ့ ဝမ်းမြောက်ခြင်းကို ပိုခံစားရလေလေ ဖြစ်တယ်လို့ ဆိုတယ်။ 



𝐊𝐫𝐢𝐬𝐭𝐞𝐧 ဟာ အခုဆိုရင် 𝐑𝐞𝐚𝐜𝐡𝐢𝐧𝐠 𝐘𝐨𝐮 ဆိုတဲ့အဖွဲ့အစည်းတစ်ခုကိုလည်း တည်ထောင်ထားပြီး၊ စိတ်ဓာတ်ကျနေသူ၊ စိတ်ဖိစီးနေသူတွေကို ကူညီပေးနေပါတယ်။ သူဟာ 𝐎𝐩𝐫𝐚𝐡 𝐖𝐢𝐧𝐟𝐫𝐞𝐲 ရဲ့ ရှိုးပွဲမှာလည်း ဖိတ်ခေါ်ခံခဲ့ရပြီး၊ ကောလိပ် ကျောင်းတွေ၊ အမျိုးသမီးနဲ့ လူငယ် 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 စင်မြင့်တွေမှာပြောကြားဖို့ မကြာခဏ ဖိတ်ခေါ်ခံရလေ့ရှိပါတယ်။ သူကိုယ်တိုင်ရေးသားထုတ်ဝေခဲ့တဲ့ 𝐋𝐢𝐟𝐞: 𝐈𝐧 𝐒𝐩𝐢𝐭𝐞 𝐨𝐟 𝐌𝐞 ဟာဆိုရင်လည်း သေလောက်တဲ့ရွေးချယ်မှုကိုလုပ်ခဲ့အပြီးမှာ ရရှိခံစားခဲ့ရတဲ့ သဘာ၀လွန် မျှော်လင့်ချက်အကြောင်းကို ဖော်ပြထားပါတယ်။ 𝐊𝐫𝐢𝐬𝐭𝐞𝐧 ပြောဖူးတဲ့စကားတစ်ခုရှိတယ်။ “နာကျင်မှု၊ အထီးကျန်မှု၊ လေးလံမှု၊ နောင်တ … ဒါတွေအားလုံးကို ကျွန်မနားလည်တယ်။ ဒီလိုအဖြစ်မျိုး ကျွန်မလည်း ကြုံခဲ့ဖူးတယ်။ ဒါပေမယ့် မျှော်လင့်စရာတွေ အများကြီးရှိသေးတယ်ဆိုတာ ကျွန်မသိစေချင်တယ်။ အကူအညီဆိုတာ လည်း လမ်းတကမ်းမှာရှိတယ်ဆိုတာ သိစျေချင်တယ်။ ဘုရားသခင်က သင့်အတွက် ကောင်းတဲ့အရာတွေ စီစဉ်ပေး ထားတယ်ဆိုတာ ကျွန်မ ကတိပေးတယ်။ သင်ဟာတစ်ယောက်တည်းမဟုတ်ဘူး။ သင်ကြုံဆုံနေရတဲ့ ဘယ်လိုအရာမျိုး ကိုမဆို သင်ကျော်လွှားနိုင်တယ်။ သင်အောင်မြင်မှာပါ။ သင်ဟာ အရေးပါတဲ့သူပါ” လို့ ဆိုခဲ့တယ်။ အခုဆိုရင်တော့ 𝐊𝐫𝐢𝐬𝐭𝐞𝐧 ဟာ သူ့ခင်ပွန်းနဲ့အတူ ချစ်စရာကောင်းတဲ့မိသားစုဘ၀ကိုပိုင်ဆိုင်ပြီး ဘ၀ကို ပျော်ရွှင်စွာ ဖြတ်သန်းနေပါတယ်။ 

By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားမှာ ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်အသက်ချမ်းသာရရေးတစ်ခုတည်းကိုပဲကြည့်တတ်တဲ့ စီးပွားရေး သမားတစ်ယောက်ရဲ့ အတ္တကြောင့် မသေသင့်ဘဲ သေသွားခဲ့ရတဲ့သူတွေ၊ ဗိုက်ထဲက ရင်သွေးလေးအတွက် ဘာမဆိုရင်ဆိုင်ဝံ့တဲ့မိဘ၊ ကိုယ့်သားသမီးအတွက် အသက်ပေးဖို့ ဝန်မလေးတဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သတ္တိအားမာန်တွေကို တွေ့ရပါတယ်။ Zombie ဖုတ်ကောင်တွေထက် ပိုကြောက်ဖို့ကောင်းတဲ့ လူ့အတ္တစိတ်နဲ့၊ Zombie ဖုတ်ကောင်တွေကို မတွန့်မဆုတ် ရင်ဆိုင်ဖို့ သတ္တိတွေပေးတဲ့ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။
By Htoi San Seng Yar July 8, 2024
PK ဇာတ်ကားဟာ ဘာသာရေးအကြောင်း ပညာပေးဇာတ်ကားကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ တခြားဂြိုလ်က ရောက်လာပြီး အိမ်ပြန်ဖို့ အခက်တွေ့နေတဲ့ PK ဟာ သူ့ကို ကူညီပေးနိုင်တာ ဘုရားပဲရှိတယ်လို့ သူများကပြော လို့ ဘုရားကျောင်းရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူထင်ထားသလို မဖြစ်ခဲ့ဘဲ ဘာသာရေးဆရာတွေရဲ့ ထွင်လုံး၊ လိမ်စဉ်တွေကြားမှာ ကမောက်ကမဖြစ်ခဲ့ရပုံကို ထိထိမိမိ ပုံဖော်ပြနိုင်ခဲ့တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ တဖက်မှာလည်း ဘာသာရေးအခြေခံတဲ့ လူမျိုးရေး၊ နိုင်ငံရေးအစွဲတွေ၊ အယူသည်းမှုတွေကိုချွတ်ပေးဖို့ အားထုတ်ထားတာကိုလည်း တွေ့ရပါတယ်။
By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားထဲမှ ပြောစရာအမှတ်တရတွေအများကြီးထဲက Rancho နဲ့ Pia တို့ ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တဲ့ အခန်းလေးကို ပြောချင်ပါတယ်။ အစ်မဖြစ်သူရဲ့ မင်္ဂလာပွဲမှာ အမေပေးခဲ့တဲ့နာရီဟောင်းလေးကိုပတ်ပြီး အမေ့ ကို သတိရနေတဲ့ Pia ကို၊ သူနဲ့ စေ့စပ်ထားတဲ့ Suhas က နာရီဟောင်းပတ်ထားရကောင်းလားဆိုပြီး အပြစ်တင် တဲ့အခန်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ Suhas က သူများရဲ့ ခံစားချက်ကို နားမလည်ပါဘူး။ သူသိတာ၊ သူ နားလည်တာက ‘တန်ဖိုးကြီးတာတွေ ဝတ်မှဆင်မှ၊ လူရာဝင်တာ၊ လူဝင်ဆန့်တယ်’ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို မင်းသား Rancho က Suhas ရဲ့ဖိနပ်အပေါ် အချဉ်ရည်တွေလောင်းချပြီး သူ့ဖိနပ်စျေးနှုန်းပြောထွက်လာအောင် လုပ်ပြခဲ့ပါတယ်။ ပြီးတော့ Suhas နဲ့ အဆက်ဖြတ်ဖို့၊ “သူက မင်းနဲ့ တွဲတာ ဂုဏ်တက်ချင်လို့၊ ဂုဏ်ဆာလို့သာ တွဲ တာ၊ စျေးတွက်တွက်ပြီး တွဲနေတာ”ဆိုပြီး Pia ကို အကြံပေးခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
အာလာဒင်မှာ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ကျန်ပါတယ်။ ဒီတကြိမ်ဆုတောင်းဆန္ဒပြုပြီးရင် သူဘာမှ လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ်ဟာ သူ့အတွက် အရေးကြီးဆုံး၊ အလိုအပ်ဆုံး၊ အတောင့်တဆုံးဆန္ဒကို ပြုရမှာပါ။ ဒီတတိယအကြိမ်မှာ အာလာဒင် ဟာ ထူးဆန်းတဲ့ဆန္ဒကို ပြောခဲ့ပါတယ်။ အဲဒါကတော့ Gennie ကို မီးခွက်စောင့်နတ်အဖြစ်ကနေ လွတ်မြောက် ခွင့်ပဲ ဖြစ်ပါတယ်။ ဒီဆုတောင်းဟာ Gennie ကို အံ့အားသင့်စေခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
ရုပ်ရှင်တွေကပြောတဲ့ လူ့သဘော၊ လူ့မနော
By Htoi San Seng Yar June 4, 2024
အသက်နဲ့ရင်းပြီးသရုပ်ဆောင်တဲ့ အချစ် (Killdeer)
By Htoi San Seng Yar June 4, 2024
ထာဝရ ယုံကြည်လို့ရတဲ့အချစ် (Hornbill)
By Htoi San Seng Yar June 4, 2024
ဉသြငှက်တွေက 𝐁𝐫𝐨𝐨𝐝 𝐏𝐚𝐫𝐚𝐬𝐢𝐭𝐞 ဆိုတဲ့ ကပ်ပါးမျိုးနွယ်တစ်ခု ဖြစ်ကြပါတယ်။ သူတို့က တခြားငှက်တွေရဲ့ အသိုက်ထဲမှာ ဉ ပြီးချန်ထားခဲ့ကြပါတယ်။ ဒီလို နဲ့ သူတို့အကောင်ပေါက်လာတဲ့အခါမှာလည်း ဒီအတိုင်း မနေကြပါဘူး အသိုက်ရှင် ငှက်က ဉထားတဲ့ ဉတွေကို အသိုက်ထဲကနေ ကန်ချတယ်၊ ဒါမှမဟုတ် အကောင်လေး ပေါက်နေပြီဆိုရင်လည်း ငှက်ပေါက်လေးတွေကို အသိုက်ထဲကနေ တွန်းချပစ်ဖို့ သူ့ရဲ့ ကျောနဲ့ ငှက်ကလေးကို တွန်းပြီး မကျမချင်း အကြိမ်ကြိမ်ကြိုးစားရင်း သူတစ်ယောက်ထဲကျန်တဲ့ အထိအားလုံးကို သတ်ပစ်လိုက်ပါတယ်။
By Htoi San Seng Yar June 4, 2024
ဒီလိုဖြစ်စဉ်က ပုံမှန်တော့ မဟုတ်ပါဘူး အထူးသဖြင့် ငှက်ပေါက်လေးက ၃ ကောင်ထက်ကျော်နေတာမျိုး၊ အစာရရှိနိုင်မှု အခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင် အနေအထားတွေပေါ်မှာလည်း မှုတည်နေပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေပဲ ရှိရှိ ငှက်ကလေး အားလုံးထဲမှာ အားအနည်းဆုံးကတော့ စတေးခံပြီးတော့ ကျန်တဲ့သူတွေကတော့ အသက်ရှင်ခွင့် ရခဲ့ကြပါတယ်။
By Htoi San Seng Yar April 29, 2024
 မထင်မှတ်စရာ သေမထူး၊နေမထူး ဘ၀များ
Show More