ကြီးမားတဲ့ လောကဓံအပြောင်းအလဲတွေကို ဘယ်လိုရင်ဆိုင်မလဲ?
အလှည့်အပြောင်းတွေထဲမှာမှ အနာကျင်ရဆုံး အပြောင်းအလဲတွေကတော့ မိသားစုဝင်ဆုံးရှုံးရခြင်း၊ အိမ်ထောင်ရေးပြိုလဲခြင်း၊ လုပ်ငန်းပျက်ဆီးရခြင်း၊ အကြီးစား ကျန်းမာရေးထိခိုက်ခြင်း၊ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်ခံရခြင်း၊ ဂုဏ်သိက္ခာဂုဏ်သတင်း တိုက်ခိုက် ဖျက်ဆီးခံရခြင်း… စတာတွေဟာ နာကျင်ရဆုံး လောကဓံအပြောင်းအလဲတွေဖြစ်ပါတယ်။
‘အသက်တစ်ရာမနေရ၊ အမှုတစ်ရာပွေရ’ဆိုတဲ့ ဆိုရိုးရှိတဲ့အတိုင်း လောကဓံအလှည့်အပြောင်းတွေ၊ ကြီးမားပြီး မျှော်လင့်မထားတဲ့ နာကျင်ဆုံးရှုံးမှုတွေကို ကြုံရတတ်ပါတယ်။ ဒီလိုအလှည့်အပြောင်းတွေထဲမှာမှ အနာကျင်ရဆုံး အပြောင်းအလဲတွေကတော့ မိသားစုဝင်ဆုံးရှုံးရခြင်း၊ အိမ်ထောင်ရေးပြိုလဲခြင်း၊ လုပ်ငန်းပျက်ဆီးရခြင်း၊ အကြီးစား ကျန်းမာရေးထိခိုက်ခြင်း၊ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်ခံရခြင်း၊ ဂုဏ်သိက္ခာဂုဏ်သတင်း တိုက်ခိုက် ဖျက်ဆီးခံရခြင်း… စတာတွေဟာ နာကျင်ရဆုံး လောကဓံအပြောင်းအလဲတွေဖြစ်ပါတယ်။ စာတစ်ပုဒ်မှာ မှတ်သားဖူး တာတစ်ခုရှိပါတယ်။ ဆင်းရဲသူက လူ့အခွင့်အရေး ၃၅% ဆုံးရှုံးတယ်၊ မကျန်းမာသူက လူ့အခွင့်အရေး ၇၅% ဆုံးရှုံး တယ်၊ နာမည်ပျက်သူကတော့ လူ့အခွင့်အရေး ရာနှုန်းပြည့် ၁၀၀% ဆုံးရှုံးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဂုဏ်သိက္ခာ ထိခိုက်ခြင်းဟာလည်း အကျိုးဆက်ကြီးမားတဲ့နာကျင်မှုဖြစ်ပါတယ်။ ဒီလိုပြောလို့ ဂုဏ်သိက္ခာထိခိုက်ခြင်းကပဲ အရာ အားလုံးထက် ပိုဆိုးတယ်လို့ မဆိုလိုပါဘူး။ ဒီလို လောကဓံအလှည့်အပြောင်းဟာ တစ်ယောက်ချင်းစီရဲ့ ပတ်သက် ဆက်နွယ်မှုနဲ့ အကျိုးဆက်ပေါ်မူတည်ပြီး နာကျင်မှုကြေကွဲရမှုအတိုင်းအတာတွေလည်း ခြားနားတတ်ပါတယ်။ ဒီလို လောကဓံအလှည့်အပြောင်းတွေနဲ့ ကြုံတွေ့ကြတဲ့အခါ ရင်ဆိုင်ဖြတ်သန်းရတဲ့ အဆင့်(၃)ဆင့် ရှိပါတယ်။ အဲဒါတွေက တော့ …
ထိတ်လန့်တုန်လှုပ်ခြင်းအဆင့် (Shock)
ရှင်သန်နိုင်ရန် ရုန်းကန်ရခြင်းအဆင့် (Survive) နဲ့
အောင်မြင်ကျော်လွှားနိုင်ခြင်းအဆင့် (Succeed) တို့ ဖြစ်ပါတယ်။
ပထမအဆင့်ဖြစ်တဲ့ ထိတ်လန့်တုန်လှုပ်ခြင်း (Shock) ရတဲ့အဆင့်မှာတော့ မထင်မှတ်တဲ့အရာ၊ မလိုချင်ဆုံးအရာနဲ့ ရုတ်တရက်ကြုံရတဲ့အခါ စိတ်ရှုပ်ထွေးတာ၊ ဝမ်းနည်းပူဆွေးတာ၊ ဒေါသစိတ်၊ နာကျည်းစိတ်၊မုန်းတီးစိတ်တွေဖြစ်တာ၊ လူတွေကို စိတ်ပျက်တာ၊ မယုံတော့တာ၊ ဘုရားကို စိတ်နာတာ… စသဖြင့် ခံစားချက်အမျိုးမျိုးနဲ့ ထိတ်လန့်တုန်လှုပ် ခံစားကြရပါတယ်။ ဒီအဆင့်ကို တချို့ကတော့ ရက်သတ္တပတ်အနည်းငယ်အတွင်း ကျော်လွှားနိုင်ကြပေမယ့် တချို့တွေ ကတော့ လနဲ့ချီ၊ နှစ်နဲ့ချီပြီး ခက်ခဲပင်ပန်းစွာ ဖြတ်သန်းရတတ်ပါတယ်။ ကာလရှည်ကြာ စိတ်ပင်ပန်းရတာကြောင့် ဘာကိုမှ ကောင်းကောင်းအာရုံစိုက်လို့မရတာ၊ စိတ်ဖောက်သွားတာ၊ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့စဉ်းစားတာတွေ အထိ ဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့် ဒီအဆင့်ကိုကျော်ပြီးသွားတဲ့အခါမှာတော့ ရှင်သန်နိုင်ဖို့ ရုန်းကန်ရတဲ့အဆင့် ကို ရောက်သွားမှာပါ။
ရှင်သန်နိုင်ဖို့ ရုန်းကန်ရတဲ့အဆင့်ဆိုတာကတော့ ဆိုးရွားတဲ့အတိတ်ထဲမှာ ပိတ်မိနေတာမျိုး၊ လက်ရှိအခြေအနေကနေ ရှောင်ပြေးဖို့ကြိုးစားတာမျိုးမဟုတ်တော့ဘဲ လောကဓံအလှည့်အပြောင်းကိုလက်ခံနိုင်တဲ့အဆင့်ဖြစ်ပါတယ်။ ဒီအဆင့် မှာလည်း ဘ၀ဟာ နေသားကျသွား၊ အဆင်ပြေသွားတာတော့မဟုတ်ပေမယ့် ဒါဟာ ‘ဖြစ်တတ်တဲ့သဘော’တစ်ခုလို လက်ခံနိုင်လာတာ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာ၊ သူတပါးကို အပြစ်တင်တာတွေကို ရပ်တန့်လိုက်ပြီး ဒီအခြေ အနေထဲမှာရှင်သန်နိုင်အောင် ကြိုးစားတာဖြစ်ပါတယ်။ ဒီအဆင့်ကိုဖြတ်သန်းပြီးချိန်မှာတော့ အောင်မြင်ကျော်လွှား နိုင်ခြင်းအဆင့်ကို ရောက်သွားမှာ ဖြစ်ပါတယ်။
ဒီတတိယအဆင့်မှာတော့ လောကဓံအလှည့်အပြောင်းတွေက ကိုယ့်ကို အုပ်စိုးလွှမ်းမိုးခြယ်လှယ်လို့ မရတော့ဘဲ ကိုယ့်ကိုအထက်ရောက်အောင်တွန်းပို့ပေးတဲ့ အင်အားစုလို ဖြစ်သွားပါတယ်။ ဒီအဆင့်မှာတော့ ကြုံခဲ့ရတဲ့ လောကဓံ ကိုရော၊ အဲဒါနဲ့ စပ်ဆိုင်သူတွေကိုပါ နောက်တကြည့်ကြည့်နဲ့ ပြစ်တင်နေတာမျိုးတွေမရှိတော့ဘဲ ဒီနာကျင်စရာတွေရဲ့ နောက်ကွယ်က ရည်ရွယ်ချက်၊ သင်ခန်းစာ၊ ပညာတရားနဲ့ တန်ဖိုးကိုသိမြင်လာပြီး ဒဏ်ရာတွေကနေ ကျန်းမာလာတာ မျိုး ဖြစ်ပါတယ်။
သမ္မာကျမ်းစာထဲမှာ ဆိုးရွားတဲ့လောကဓံဒုက္ခတွေဖြစ်တဲ့ ပိုင်ဆိုင်မှု ဥစ္စာပစ္စည်းဆုံးရှုံးမှု၊ သားသမီးအားလုံး ဆုံးရှုံးမှု၊ ကျန်းမာရေးဆုံးရှုံးမှုနဲ့ ဂုဏ်သိက္ခာဆုံးရှုံးမှုဆိုတဲ့ ဆုံးရှုံးမှုကြီး(၄)ခုကို တပြိုင်နက်တည်းကြုံတွေ့ခံစားခဲ့ရတဲ့ ယောဘ ဆိုသူတစ်ဦး ရှိခဲ့ပါတယ်။ သူ့ရဲ့ဆုံးရှုံးမှုတွေဟာ ကြီးမားလွန်းလို့ ပြောစရာမလိုလောက်အောင် ထိတ်လန့် တုန်လှုပ်ခဲ့ရ ပါတယ်။ “ငါကြောက်သောအမှုသည် ငါ၌ရောက်လာပြီ။ ငါအလွန်ကြောက်သောဘေးသည် ငါ့ကိုတွေ့မိပြီ။ ငါသည် ငြိမ်ဝပ်ခြင်းမရှိ။ ချမ်းဧခြင်းမရှိ။ သက်သာခြင်းမရှိ။ ဒုက္ခဆင်းရဲသက်သက်ရှိသည်” ဆိုပြီး ယောဘ ငြီးခဲ့ပါတယ် (၃း ၂၅-၂၆)။ ဒါပေမယ့် ယောဘဟာ ထိတ်လန့်တုန်လှုပ်ရင်းနဲ့ လဲပြိုကျမသွားဘဲ ဒုတိယအဆင့်ဖြစ်တဲ့ ရှင်သန်နိုင်ဖို့ ရုန်းကန်နိုင်ခဲ့တာကို တွေ့ရပါတယ်။ “သည်းခံနိုင်သောသူတို့သည် မင်္ဂလာရှိသောသူဟူ၍ ငါတို့သည် ခေါ်ကြ၏။ ယောဘသည် သည်းခံကြောင်းကို သင်တို့ကြားရကြပြီ။ ထာဝရဘုရားသည် မိမိအမှုကို လက်စသတ်တော်မူရာမှာ အလွန်သနားစုံမက်တော်မူကြောင်းကိုလည်း သိမြင်ရကြပြီ” ဆိုပြီး သမ္မာကျမ်းစာက ယောဘရဲ့ သည်းခံနိုင်စွမ်း၊ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းကို မှတ်တမ်းတင်ထားပါတယ်(ရှင်ယာကုပ် ၅း၁၁)။ နောက်ဆုံးအဆင့်ဖြစ်တဲ့ အောင်မြင်ခြင်း အဆင့်ကိုလည်း ယောဘတက်လှမ်းနိုင်ခဲ့ပါတယ်။ ‘ငါသွားသောလမ်းကို သိတော်မူ၏။ စစ်တော်မူခြင်းကို ခံပြီးမှ၊ ရွှေကဲ့သို့ငါပေါ်လိမ့်မည်’ ဆိုပြီး သူ့ကိုယ်သူယုံကြည်ခဲ့တဲ့အတိုင်း၊ နောက်ဆုံးမှာတော့ သူ့ရဲ့ ဖြောင့်မတ်ခြင်းဟာ ဂုဏ်ပြုအသိအမှတ်ပြုခံခဲ့ရပြီး ဆုံးရှုံးသွားသမျှကိုလည်း နှစ်ဆပြန်လည် ရရှိခဲ့ပါတယ်။
ဒီတော့ ‘ကြီးမားတဲ့လောကဓံအလှည့်အပြောင်းတွေကိုဘယ်လိုရင်ဆိုင်ရမလဲ’ဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီး အရင်ဆုံး ထိတ်လန့်တုန်လှုပ်ခြင်းတွေကြုံရမှာကို သိထားဖို့ လိုပါတယ်။ ဒါကိုသိထားရင် ဒီလိုကြုံရတဲ့အခါ ဒါဟာ အားနည်း ပျော့ညံ့ခြင်းရဲ့လက္ခဏာမဟုတ်ဘူးဆိုတာကိုသိသွားမှာပါ။ ဒါပေမယ့် ဒီအဆင့်မှာလဲပြိုကျမသွားဘဲ ဆက်လက်ရှင်သန် နိုင်ဖို့အတွက် ခံစားချက်တွေကို မြိုသိပ်မထား၊ ဖုံးကွယ်မထား၊ ဟန်ဆောင်ဖုံးဖိထားတာမျိုးမလုပ်ဘဲ ခံစားရတဲ့အတိုင်း ခွင့်ပြုပေးဖို့လိုပါတယ်။ ယောဘကိုယ်တိုင်လည်း သူဘာမှမဖြစ်သလို ဟန်ဆောင်ပြီးမနေခဲ့ပါဘူး။သူ့စိတ်ထဲမှာအရှိကို အရှိအတိုင်း ဖွင့်ချခဲ့ပါတယ်။ ဒီနောက်မှာတော့ ဒုတိယအဆင့်ဖြစ်တဲ့ ဆက်လက်ရှင်သန်နိုင်ဖို့ ပြင်ဆင်ရပါမယ်။
ဒီအတွက် ကျနော်တို့ဟာနာကျင်မှုထဲမှာ ကိုယ့်ကိုယ်ကိုယ်အကျဉ်းချထားပြီး ဝမ်းနည်းစိတ်ပျက်နေတာမျိုးမလုပ်ဘဲ၊ ‘ဖြစ်တတ်တဲ့သဘော’တစ်ခုလိုမှတ်ယူပြီး ရှေ့ဆက်နိုင်ဖို့ အားယူဖို့ လိုအပ်ပါတယ်။ ‘ဖြစ်တတ်တဲ့သဘော’လို့ ပြောတဲ့ အခါ လောကကြီးမှာ ရှင်သန်နေရသရွေ့ မကောင်းမှုတွေ၊ မတရားမှုတွေ၊ အလိုမပြည့်မှုတွေ၊ ဝေဒနာတွေ၊ မပြည့်စုံမှု တွေနဲ့ ရှောင်လွှဲလို့ မရတတ်တဲ့သဘောကို သိရှိထားဖို့၊ ဒါတွေဟာ ကိုယ့်ကိုယ်မှ ရွေးပြီး ထူးထူးခြားခြား ကြုံရတာမျိုး မဟုတ်ကြောင်းကို သိနားလည်လက်ခံနိုင်ဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒါမှသာ ကိုယ်လုပ်စရာဖြစ်တဲ့ ဆက်လက်ရှင်သန် ဖို့ ပြင်ဆင်နိုင်မှာပါ။
ကျွန်တော်တို့စိတ်ထဲမှာဒီလိုပြင်ဆင်နိုင်သွားပြီဆိုရင် ဖြစ်ရပ်ရဲ့တရားခံကိုရှာပြီး ခါးခါးသီးသီးတေးမှတ်နေတာမျိုးထက် ဖြစ်ရပ်နောက်ကွယ်က ရည်ရွယ်ချက်၊ သင်ခန်းစာ၊ ပညာတရားနဲ့တန်ဖိုးကို တွေ့မြင်နိုင်ဖို့ ပြင်ဆင်သင့်ပါတယ်။ တန်ဖိုး ကြီးကြီးမားမားပေးပြီး ခက်ခက်ခဲခဲရင်ဆိုင်ဖြတ်သန်းရတဲ့ ဒီလောကဓံအလှည့်အပြောင်းကို အကျိုးမဲ့ မဖြစ်စေသင့်ပါ ဘူး။ ဒီလောကဓံအလှည့်အပြောင်းဟာ မတူထူးခြားတဲ့အခွင့်အလမ်းတွေကိုမြင်နိုင်ဖို့ လမ်းဖွင့်ပေးတာ ဖြစ်နိုင်သလို၊ စာနာစိတ်တွေ၊ ရင့်ကျက်ခြင်းတွေ၊ နှိမ့်ချခြင်းတွေ၊ စိတ်ရှည်ခြင်းတွေ၊ မမြဲခြင်းကို ဆင်ခြင်မိပြီး စွန့်ပယ်နိုင်တာတွေ… အစရှိတဲ့ တန်ဖိုးရှိပြီးမွန်မြတ်တဲ့ ပါရမီကောင်းတွေမွေးဖွားလာစေဖို့ အကြောင်းတရားလည်း ဖြစ်နိုင်ပါတယ်။ ဒီထက် ပိုအရေးကြီးတာက ဘုရားဟာ အဆိုးဆုံးသောလောကဓံကိုတောင် အကောင်းဆုံး၊ အလှပဆုံးဖြစ်အောင် ပြောင်းလဲ ပေးနိုင်ကြောင်း သိမှတ်ယုံကြည်ဖို့ လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ စိတ်ပျက်စရာအကြောင်း၊ အရှုံးပေးစရာ အကြောင်း ဘာမှမရှိပါဘူး။ ကျွန်တော်တို့ကောင်းကျိုးချမ်းသာကိုဖြစ်စေမယ့်အရာတွေကို ကျွန်တော်တို့ထက် ပိုသိပြီး ပြင်ဆင်ပေးနိုင်တဲ့ဘုရား ရှိတယ်၊ နောက်ပြီး သူဟာ ဘယ်တော့မှ သတိလစ်ဟင်းပြီး အမှားလုပ်မယ့်သူမဟုတ်လို့ ကိုယ့်ဘ၀တစ်ခုလုံး သူ့လက်ထဲမှာ စိတ်ချလက်ချ ယုံကြည်အပ်နှံထားနိုင်တယ်ဆိုတာကို သိမြင်သွားရင် ဘယ်လို ဆိုးရွားတဲ့လောကဓံအလှည့်အပြောင်းကိုမဆို အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားသွားနိုင်မှာပါ။





