ကိုယ့်ရဲ့ကံကြမ္မာကို ပြောင်းလဲလို့ ရပါသလား?
ကိုယ့်ကံကြမ္မာကို ပြောင်းလဲလို့ ရသလားဆိုတဲ့မေးခွန်းကို သမ္မာကျမ်းအမြင်အရဖြေရမယ်ဆိုရင် အဓိကသိမှတ်ရမယ့် အချက်(၂)ခုရှိပါတယ်။ ပထမအချက်ကတော့ ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ အနာဂတ်ကံကြမ္မာနဲ့ပတ်သက်ပြီး ရွေးချယ်ပိုင်ခွင့်ပေးထားတယ်။
အရင်ဆုံးအနေနဲ့ ‘ကံကြမ္မာ’ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကို “သတ်မှတ်ချက်တစုံတရာကြောင့် ဖြစ်ပျက်ကြုံတွေ့လာရမယ့် အနာဂတ်ဘ၀”လို့ အကြမ်းအားဖြင့် ဖွင့်ဆိုလို့ရမယ်ထင်ပါတယ်။ ‘သတ်မှတ်ချက်’လို့ပြောတဲ့အခါ ဘာသာရေး အယူ အဆတွေပေါ် မူတည်ပြီး တချို့က အတိတ်ကံ၊အတိတ်လုပ်ရပ်တွေက သတ်မှတ်တယ် တချို့ကတော့ ဘုရားသခင်က သတ်မှတ်တယ်ဆိုပြီး ခံယူကြပါတယ်။ ဒီနေရာမှာ ကိုယ့်ရဲ့ကံကြမ္မာကို ပြောင်းလဲလို့မရဘူးဆိုပြီး ခံယူကြသူတွေက ‘ကျွန်တော်တို့တွေဟာ ရှောင်လွဲလို့မရတဲ့ အနာဂတ်ကြီးတစ်ခုဆီကိုဦးတည်သွားနေကြတာဖြစ်ပြီး၊ ဘ၀မှာ ကြုံဆုံရ မယ့်အရာအားလုံးဟာ ကြိုတင်သတ်မှတ် ပြဌာန်းပြီးသားဖြစ်လို့ ရှောင်လွှဲလို့မရနိုင်ဘူး၊ 𝐖𝐡𝐚𝐭 𝐰𝐢𝐥𝐥 𝐛𝐞 𝐰𝐢𝐥𝐥 𝐛𝐞. ဖြစ်လာ မယ့်အရာတွေကတော့ ဖြစ်လာမှာပဲ ဆိုတဲ့ ပြဌာန်းခံဝါဒ (𝐏𝐫𝐞𝐝𝐞𝐭𝐞𝐫𝐦𝐢𝐧𝐢𝐬𝐦)၊ ကံစီမံရာဝါဒ (𝐅𝐚𝐭𝐚𝐥𝐢𝐬𝐦)ကို ယုံကြည်ကြ သူတွေ ဖြစ်ပါတယ်။ ဒါကလည်း အပေါ်မှာဖော်ပြခဲ့သလို ဘာသာရေးခံယူချက်တွေနဲ့ ဆက်စပ်နေပါတယ်။
အဲသလို ဘာသာရေးခံယူချက်မျိုးမရှိပေမယ့် ‘ကိုယ့်ရဲ့ကံကြမ္မာကို ပြောင်းလဲလို့မရဘူး’ဆိုပြီး ခံယူသူတချို့လည်း ရှိနေတတ်ပါတယ်။ အတိတ်ကအမှား၊ အတိတ်ရဲ့ အရိပ်၊ မွေးရာပါ ပါရမီ၊ ကိုယ်ရည်ကိုယ်သွေး အကန့်အသတ်၊ မိသားစုနဲ့ အသိုင်းအ၀ိုင်းနောက်ခံ…စတာတွေကြောင့် ကိုယ့်ရဲ့ကံကြမ္မာကို ပြောင်းလဲဖို့ မဖြစ်နိုင်ဘူးလို့ သဘောထား သူတွေလည်း ရှိပါတယ်။
𝐌𝐚𝐥𝐜𝐨𝐥𝐦 𝐆𝐥𝐚𝐝𝐰𝐞𝐥𝐥 ရေးသားတဲ့ 𝐓𝐡𝐞 𝐎𝐮𝐭𝐥𝐢𝐞𝐫𝐬 ဆိုတဲ့စာအုပ်ထဲမှာတော့ လူတစ်ယောက် ထွန်းပေါက်အောင်မြင်ဖို့ အကြောင်းချင်းရာတွေအများကြီးလိုတယ်လို့ဆိုပါတယ်။ ဉာဏ်ရည်ထက်မြက်တိုင်း၊ မိသားစုက ပံ့ပိုးနိုင်တိုင်း အောင်မြင်တာမဟုတ်ဘူး။ လုံလောက်တဲ့ အချိန်အရင်းအနှီး၊ ခေတ်စနစ်နဲ့ ယဉ်ကျေးမှုအယူအဆ၊ လူနေမှုပုံစံနဲ့ စျေးကွက်အပြောင်းအလဲ…အစရှိတာတွေကလည်း လူတစ်ယောက်ရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးရာမှာ အရမ်း အရေးပါတယ်လို့ဆိုပါတယ်။ သူ့ရဲ့တွေ့ရှိတင်ပြချက်တွေအရ လူတစ်ယောက်ထွန်းပေါက်အောင်မြင်နိုင်ဖို့ကာယကံရှင် ကိုယ်တိုင်ရဲ့ အားထုတ်မှုတွေအများကြီးလိုသလို၊ ခေတ်စနစ်နဲ့ ပတ်ဝန်းကျင်ရဲ့ မျက်နှာသာပေးမှုတွေလည်း လိုတယ် လို့ နားလည်ရပါတယ်။ အောင်မြင်သူတိုင်းဟာ ကိုယ့်ရဲ့ ထက်မြက်၊ထူးချွန်မှုတစ်ခုတည်းကြောင့် မဟုတ်တာကြောင့် ကိုယ့်ကိုယ်ကိုယ် ဘဝင်မြင့်စရာအကြောင်းမရှိသလို၊ ကျရှုံးသူတိုင်းဟာလည်း ကိုယ့်ရဲ့ ချို့တဲ့အားနည်းမှု၊ အသုံးမကျမှု တွေကြောင့်ချည်းမဟုတ်တာကြောင့် ကိုယ့်ကိုယ့်ကိုယ် အပြစ်တင်မဆုံး၊ သိမ်ငယ်မဆုံး ဖြစ်စရာအကြောင်းမရှိဘူးလို့ နားလည်ရပါတယ်။ ဒါပေမယ့် အခုကျွန်တော်တို့ဆွေးနွေးနေတဲ့မေးခွန်းဖြစ်တဲ့ ‘ကိုယ့်ရဲ့ကံကြမ္မာကို ပြောင်းလဲလို့ ရပါသလား’ဆိုတာကို စာအုပ်ပါတင်ပြချက်ရှုထောင့်ကနေဖြေရရင် ‘ရတယ်/မရဘူး’ဆိုပြီး အဖြေတိတိကျကျပေးဖို့ ခက်ပါတယ်။ အကြောင်းကတော့ ကိုယ့်ကံကြမ္မာဟာ ကိုယ့်လက်ထဲမှာ အပြည့်အ၀ရှိတယ်၊ ကိုယ့်စိတ်ကြိုက်စီမံနိုင် တယ်လို့ စာရေးသူ 𝐆𝐥𝐚𝐝𝐰𝐞𝐥𝐥 က မယုံကြည်လို့ပဲ ဖြစ်ပါတယ်။
ကိုယ့်ကံကြမ္မာကို ပြောင်းလဲလို့ ရသလားဆိုတဲ့မေးခွန်းကို သမ္မာကျမ်းအမြင်အရဖြေရမယ်ဆိုရင် အဓိကသိမှတ်ရမယ့် အချက်(၂)ခုရှိပါတယ်။ ပထမအချက်ကတော့ ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ အနာဂတ်ကံကြမ္မာနဲ့ပတ်သက်ပြီး ရွေးချယ်ပိုင်ခွင့်ပေးထားတယ်။ အဓိပ္ပာယ်က ဘုရားသခင်ဟာ ကျွန်တော်တို့ကို ရွေးချယ်စရာမရှိတဲ့ ဘ၀ကံကြမ္မာမျိုးနဲ့ ရှင်သန်နေစေတာ မဟုတ်ဘူး။ ကောင်းမွန်တဲ့အနာဂတ်ဘ၀ကို ပိုင်ဆိုင်နိုင်ဖို့ ရွေးချယ်စရာ အခွင့်အရေးပေးထားတယ် လို့ ဆိုလိုပါတယ်။ ဘုရားရဲ့နည်းလမ်းက ကျွန်တော်တို့ရဲ့ ရွေးချယ်မှုလုပ်ရပ်တွေအားဖြင့် ကိုယ့်အနာဂတ်ဘ၀ကို ရွေးချယ်ယူစေတာဖြစ်ပါတယ်။ ကိုယ့်ရွေးချယ်မှုရဲ့အကျိုးဆက်ဖြစ်တာကြောင့် ဖြစ်လာသမျှအဆိုးအကောင်းအားလုံး အတွက် ဘုရားကို အပြစ်ပုံချလို့ မရဘဲ၊ ကိုယ့်မှာလည်း တာဝန်ရှိတယ်ဆိုတာ သိမှတ်ရပါမယ်။ မင်္ဂလာရှိတဲ့အနာဂတ် ပဲဖြစ်ဖြစ်၊ ကံကြမ္မာငင်တဲ့ ဘ၀ပဲဖြစ်ဖြစ် ကိုယ့်မှာတာဝန်ရှိတယ်။ မင်္ဂလာရှိတဲ့အနာဂတ်ကို ဖန်တီးပေးနိုင်တဲ့နေထိုင်မှု ပုံစံကတော့ ဘုရားရဲ့ စကားတော်အတိုင်း သက်ရှင်နေထိုင်မှုပုံစံပဲ ဖြစ်ပါတယ်။ ဘ၀ကို ဘုရားရဲ့စကားတော်အတိုင်း ရှင်သန်နေထိုင်လာတဲ့အခါ လုံခြုံမှုနဲ့ ငြိမ်းချမ်းမှုရှိလာပါတယ်။ ဒါက ဘာနဲ့ တူသလဲဆိုရင် ဆရာဝန်တွေက “ဒီဆေးကို ပုံမှန်သောက်ပါ၊ နေကောင်းသက်သာသွားလိမ့်မယ်”လို့ ပြောတဲ့အခါ ဆေးထဲမှာ ကျန်းမာစေနိုင်တဲ့အာနိသင်ပါရှိပြီး ဖြစ်တဲ့အတွက် ဆရာဝန်စကားကိုလိုက်နာသူတွေက ကျန်းမာသွားကြသလို၊ ဘုရားရဲ့စကားတော်ထဲမှာ ကျွန်တော်တို့ ဘ၀အတွက် မင်္ဂလာဖြစ်စေမယ့်အာနိသင်၊အကျိုးကျေးဇူးတွေပါရှိပြီးဖြစ်လို့ ဘုရားရဲ့စကားတော်ကို ရွေးချယ်ရှင်သန် သူအတွက် သူ့ရဲ့ အနာဂတ်ကံကြမ္မာဟာ လုံခြုံမှုရှိနေမှာ ဖြစ်ပါတယ်။
ဒုတိယအချက်အနေနဲ့ ဘုရားဟာ သမိုင်းကိုအုပ်စိုးတဲ့သူဖြစ်တာကြောင့် ဆိုးရွားတဲ့ဘ၀အခြေအနေနဲ့ ကံကြမ္မာတွေကို တောင် အကောင်းဆုံးဖြစ်အောင် ပြောင်းလဲပေးနိုင်တယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဘ၀မှာ ဘုရားရဲ့စကားတော် အတိုင်း ရွေးချယ်နေထိုင်လို့ မျှော်လင့်မထားတဲ့အဆိုးတွေကြုံတွေ့ရရင်တောင် ဘုရားက အကြောင်းမဲ့၊ အဓိပ္ပာယ်မဲ့၊ ရည်ရွယ်ချက်မဲ့၊ အဆင်အခြင်မဲ့၊ ဦးတည်ရာမဲ့ ပရမ်းပတာလုပ်နေတာမဟုတ်ဘဲ တိကျတဲ့ရည်ရွယ်ချက်နဲ့ ရလဒ် အတွက် လုပ်ဆောင်နေတယ်ဆိုတာကို ယုံကြည်စိတ်ချဖို့ လိုပါတယ်။
အကယ်၍ ဘုရားရဲ့စကားတော်အတိုင်း အသက်မရှင်ခဲ့မိလို့၊ မှားယွင်းတဲ့ရွေးချယ်မှုလုပ်ရပ်တွေကြောင့် ဆိုးရွားတဲ့ အကျိုးဆက်တွေထဲ နစ်မွန်းရုန်းကန်နေရတယ်ဆိုရင်လည်း အဲဒီ့လို ဆိုးရွားတဲ့ဘ၀ထဲကနေ ကယ်တင်ကူမပြီး၊ ခါးသီး တဲ့ဘ၀အတွေ့အကြုံတွေကို အကောင်းဘက်သို့ ဘုရားသခင် ပြောင်းလဲပေးနိုင်တယ်။ ဒါကြောင့် ရွေးချယ်မှုအမှားရဲ့ အကျိုးဆက်ကြောင့်ပဲဖြစ်စေ၊ မှန်ကန်တဲ့ရွေးချယ်မှုလုပ်ရပ်ကြောင့်ပဲဖြစ်စေ၊ ကြုံလာရတဲ့အဆိုးတွေအားလုံးဟာ ကံကြမ္မာရဲ့အဆုံးသတ်မဟုတ်ဘူး။ ကောင်းမွန်လှပတဲ့အဆုံးသတ်ကိုမြင်တွေ့ရဖို့ မျှော်လင့်ချက်ရှိသေးတယ်၊ ကံကြမ္မာ ကို ဘုရားသခင်ပြောင်းလဲပေးနိုင်တယ်ဆိုတာကို သိစေလိုပါတယ်။
ဒါပေမယ့် တချို့အခြေအနေတွေမှာ ကိုယ့်ရဲ့ရွေးချယ်မှုတစုံတရာကြောင့်မဟုတ်ဘဲ စိတ်ပျက်စရာအခြေအနေထဲ ရောက်ရှိသွားရတာမျိုးလည်း ရှိတတ်ပါတယ်။ အဲသလိုအခြေအနေမျိုးကြုံနေရတဲ့အခါမှာလည်း ကိုယ့်ရဲ့ကံကြမ္မာနဲ့ ပတ်သက်ပြီး အဆိုးချည်းသက်သက်လို့ မမြင်မိပါစေနဲ့။ ကျွန်တော်တို့မထင်မှတ်ထားတဲ့ ကံကြမ္မာအပြောင်းအလဲကို ဘုရားသခင်လုပ်ဆောင်ပေးနိုင်ပါတယ်။ ဥပမာ - ခြေလက်မပြည့်မစုံနဲ့ မွေးဖွားလာခဲ့တဲ့ 𝐍𝐢𝐜𝐤 𝐕𝐮𝐣𝐢𝐜𝐢𝐜 ကိုကြည့်ပါ။
မပြည့်မစုံနဲ့ မွေးဖွားလာခဲ့တဲ့ သူ့ဘ၀ကို 𝐍𝐢𝐜𝐤 လည်း စိတ်ပျက်ခဲ့ဖူးတယ်။ မွေးကင်းစအချိန်မှာ သူ့အမေကိုယ်တိုင်က သူ့ကိုမလိုချင်ခဲ့ဘူး။ ကလေးဘ၀မှာလည်း အကြိမ်ကြိမ်လှောင်ပြောင်၊အနိုင်ကျင့်ခံခဲ့ရတယ်။ လူစဉ်မမီတဲ့ အရှုံးသမား တစ်ယောက်လို တသက်လုံးနေရတော့မယ်လို့ သူခံစားခဲ့တယ်။ ဒါကြောင့်လည်း သူ့ကိုယ်သူအဆုံးစီရင်ဖို့ ကြိုးစားခဲ့ဖူး တယ်။ ဒါပေမယ့် သူ့အနာဂတ်ဘ၀က သူထင်မှတ်ထားတာနဲ့ လုံး၀ကွဲပြားခြားနားစွာ အများကြီးသာလွန်ကောင်းမွန်နေ တာကို နောက်မှ သူတွေ့လိုက်ရတယ်။ သူဟာ ဘယ်ခြေထောက်ကိုသုံးပြီး တစ်မိနစ်အတွင်း စာလုံးရေ(၅၃)လုံးကို ရိုက်နိုင်တယ်။ သူတပါးကိုမှီခိုစရာမလိုဘဲ သူ့ဟာသူရပ်တည်နိုင်ခဲ့တယ်။ 𝐍𝐢𝐜𝐤 ပြောဖူးတယ်။ “ခင်ဗျားမှာခြေလက်တွေ မရှိဘဲ ဘယ်လိုလုပ်ပြီး ဒီလိုပျော်ပျော်ရွှင်ရွှင်နေနိုင်ရတာလဲလို့ လူတွေက ကျွန်တော့်ကို မေးလေ့ရှိတယ်။ ကျွန်တော်ရဲ့ မဆိုင်းမတွအဖြေကတော့ ကျွန်တော့်မှာရွေးချယ်စရာရှိတယ်၊ ခြေလက်တွေမရှိလို့ ဘုရားသခင်ကို ကျွန်တော်စိတ်ဆိုး ဒေါသပုန်ထမယ်ဆိုရင် ထလို့ရတယ်၊ ဒါမှမဟုတ် ကျွန်တော့်ဘ၀မှာ ရည်ရွယ်ချက်ရှိတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်မယ်ဆိုရင်လည်း ရတယ်။ ကျွန်တော်ကတော့ ကျေးဇူးတင်ဖို့ပဲ ရွေးချယ်ခဲ့တယ်” ဆက်ပြီးတော့သူက “ကျွန်တော့်ကိုကြည့်ပြီး လူတွေ ဘ၀ကို မုန်းတီးသွားတာမျိုး မဖြစ်စေချင်ဘူး။ ကျွန်တော့်အားဖြင့် လူတွေဟာ သူတို့ ဘ၀မှာ ပိုကြီးမြတ်တဲ့အရာကို ရှာဖွေလိုစိတ် ဖြစ်ပေါ်လာတာမျိုးပဲ ဖြစ်ချင်တယ်” လို့ ပြောခဲ့တယ်။ 𝐍𝐢𝐜𝐤 ဟာ ‘ဘ၀ ကံကြမ္မာကို ပြောင်းလဲလို့ရ/မရ’ဆိုတဲ့မေးခွန်းနဲ့ ပတ်သက်ပြီး အကောင်းဆုံးအဖြေတစ်ခုဖြစ်မယ်လို့ ထင်ပါတယ်။ 𝐍𝐢𝐜𝐤 က “ကျွန်တော့်လို ခြေလက်မရှိသူကိုတောင် ဘုရားသခင်က သူ့ရဲ့ခြေလက်အဖြစ်အသုံးပြုနိုင်တယ်ဆိုရင် စိတ်ဆန္ဒထက်သန်သူ ဘယ်သူကိုမဆို သူအသုံးပြုနိုင်တယ်” လို့ ဆိုခဲ့ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ကံကြမ္မာကို ပြောင်းလဲလို့ရသလားဆိုရင် ရပါတယ်။ ဒါပေမယ့် ကိုယ့်အစွမ်းအစနဲ့ နည်းလမ်းတွေ အားဖြင့် ပြောင်းလဲနိုင်ဖို့ ခက်ခဲတတ်ပါတယ်။ ဒါပေမယ့် ဘုရားသခင် ကူညီပေးနိုင်တယ်၊ ဘုရားသခင်ရဲ့ အကူအညီ၊ နည်းလမ်းနဲ့ဆိုရင် ကိုယ့်ဘ၀ကံကြမ္မာကို ကိုယ်ထင်ထားတာထက် ပိုလှပအောင် ဖန်တီးပိုင်ဆိုင်နိုင်တယ်လို့ ဖြေချင်ပါ တယ်။





