အပြစ်ကျွန်ဘဝမှ လွတ်မြောက်ခြင်း

“သမ္မာတရားကိုသိကြသဖြင့် သမ္မာတရားသည် သင်တို့ကို လွတ်မြောက်စေလိမ့်မည်” (ယော ၈း၃၂)။
ဒီစကားကတော့ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကျော်တုန်းက ယေရှုခရစ်တော် ပြောခဲ့တဲ့ စကား ဖြစ်တယ်။
အပြစ်ကျွန်ဘဝမှ လွတ်မြောက်ခြင်း
“ထောင်ထဲမှာ ပိတ်လှောင်ခံထားရတဲ့ လူတစ်ယောက်က ဒီစကားမျိုးပြောတာ တကယ်ကို အဓိပ္ပါယ်မရှိသလို ထင်ရလိမ့်မယ်၊ ဒါပေမယ့်၊ ဘဝမှာ ပထမဆုံးအကြိမ် ကျွန်တော်ဟာ လွတ်လပ်သွားတယ်။”
ဒီစကားက Flight ဇာတ်ကားထဲမှာ လေယာဉ်မှူး Whip Whitaker (Denzel Washington) ပြောသွားတဲ့ စကားပါ။ Whip ဟာ အင်မတန်တော်တဲ့ လေယာဉ်မှူး တစ်ယောက်။ ဒါပေမယ့်၊ ပြဿနာက သူဟာ အရက်စွဲနေတယ်။ တစ်နေ့ ခရီးစဉ် တစ်ခုကို ပျံသန်းနေရင်း လေယာဉ်ပျက်တယ်။ Whip ဟာ ကျွမ်းကျင်စွာနဲ့ လေယာဉ်ကို ကွင်းပြင်ထဲ ထိုးဆင်းနိုင်ခဲ့တယ်။ ဒါဟာ တခြားဘယ်သူမှ မလုပ်နိုင်တဲ့ အရာမျိုး။ ပါလာတဲ့ ခရီးသည် ၁၀၂ ယောက်ထဲမှ ၉၆ ယောက် အသက်ကို ကယ်နိုင်ခဲ့တယ်။ သေသွားတဲ့ထဲမှာ Katerina ဆိုတဲ့ လေယာဉ်မယ် တစ်ယောက်တော့ ပါသွားတယ်။
သက်ဆိုင်ရာက စုံစမ်းရေးတွေ လုပ်တဲ့အခါ မောင်းနှင်ခန်းထဲက အမှိုက်ပုံးထဲမှာ ဗော်ကာ ပုလင်းခွံ နှစ်လုံး တွေ့တယ်။ Whip သောက်ထားခဲ့တာ။ ဘာပဲ ဖြစ်ဖြစ် တန်ဖိုးရှိတဲ့ လေယာဉ်မှူးကို သူ့ကုပ္ပဏီက ကယ်ဖို့ ကြိုးစားတယ်။ ဟော်တယ် တစ်လုံးထဲမှာ အောင်းထားပြီး အရက်ဖြတ်ပေးတယ်။ ရှေ့နေငှားပေးတယ်။ တော်တော်လေး အဆင်ပြေနေပြီ။ ရုံးချိန်း သွားရတယ်၊ ထွက်ဆိုရတယ်။ နောက်ဆုံး အမိန့်ချမယ့် အချိန်မှာ သူ့ကို အဆုံးအဖြတ်ပေးမယ့် မေးခွန်းကို မေးတယ်။ အရက်ပုလင်းနှစ်လုံးက ခင်ဗျားသောက်ထားတာလား။ Whip အနေနဲ့ သေသွားတဲ့ Katerina ကိုလွှဲချဖို့ ဖြစ်တယ်။ ဒီတစ်ခွန်း ညာလိုက်ရင် Whip လွတ်မြောက်ပြီ။ ဒါပေမယ့်၊ နောက်ဆုံး စက္ကန့်မှာ Whip ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တယ်။ သူဟာ သတ္တိရှိစွာနဲ့ သူ့အမှားကို ဝန်ခံခဲ့တယ်။ ၁၃ လ အကြာ၊ နောက်ဆုံးခန်းမှာ Whip ဟာ ဘဝတူ ထောင်သားတွေကို လက်ချာပေးနေတယ်။ တကယ်လို့ သူလိမ်ခဲ့ရင် သူတို့နဲ့ အတူ ဒီထဲမှာ လှောင်ထားတာလည်း ခံရမှာ မဟုတ်ဘူး။ ဒါပေမယ့်၊ သူဟာ အမှန်တရားကို ရွေးချယ်ခဲ့တယ်။ အဲဒီ အခိုက်အတန့်မှာ Whip ကပြောတယ်၊ “ဘဝမှာ ပထမဆုံးအကြိမ် ကျွန်တော်ဟာ လွတ်လပ်သွားတယ်။”
“သမ္မာတရားကိုသိကြသဖြင့် သမ္မာတရားသည် သင်တို့ကို လွတ်မြောက်စေလိမ့်မည်” (ယော ၈း၃၂)။
ဒီစကားကတော့ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကျော်တုန်းက ယေရှုခရစ်တော် ပြောခဲ့တဲ့ စကား ဖြစ်တယ်။ တစ်ခါမှာ ဂျူးဘာသာရေးဆရာတွေဟာ ယေရှုခရစ်တော်ကို သေဒဏ်ပေးလို့ ရလောက်တဲ့ အပြစ်မျိုး တင်လို့ရဖို့ အခြေအတင် ပြောဆို ဆွေးနွေးနေတယ်။ အဲဒီ ပရိသတ်တွေထဲမှာ ယေရှုခရစ်တော်ကို ယုံကြည်တဲ့သူ တချို့လည်း ပါတယ်။ အစောက စကားကတော့ သူ့ကို ယုံကြည်တဲ့ ဂျူးတချို့ကို ယေရှုခရစ်တော် ပြောလိုက်တဲ့ စကားပါ။
ယေရှုက ပြောလိုက်တယ်။ သမ္မာတရားကို သိရင် အဲဒီ သမ္မာတရားက သင်တို့ကို လွတ်မြောက်မှု ပေးလိမ့်မယ်။ နည်းနည်း ရှင်းပြပါရစေ။ ဒီမှာ သမ္မာတရား ဆိုတာ ပါဠိစကား ဖြစ်ပြီး အရပ်စကားနဲ့ ဆိုရင်တော့ “အမှန်တရား” ပေါ့ဗျာ။ ဒါပေမယ့်၊ ဒီမှာ ပြောနေတဲ့ အမှန်တရားဆိုတာ အထွေထွေ အမှန်တရားကို မဆိုလိုဘူး။ နေဟာ အရှေ့ကထွက်ပြီး အနောက်ကို ဝင်တယ်။ လူဟာ မွေးလာရင် သေရမယ်။ ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်မယ်။ ကြိုးစားရင် အောင်မြင်မယ် စသဖြင့် ယေဘုယျ အမှန်တရားတွေကို ပြောနေတာ မဟုတ်ပါဘူး။
မှန်ပါတယ်၊ ယေဘုယျ အမှန်တရားတွေကို သိရင်တောင် လူဟာ အတိုင်းအတာ တစ်ခုထိ လွတ်မြောက် နိုင်တယ်။ ဆေးသိပ္ပံကို သိရင် အယူလွဲ ကုထုံးတွေကနေ လွတ်မယ်။ အကြောင်းအကျိုးသဘောကို သိရင်၊ ကံကိုယုံ ဆူးပုံ မနင်းတော့ဘူး။ ဒါပေမယ့်၊ ဒီနေရာမှာ သခင်ယေရှု ပြောနေတဲ့ “အမှန်တရား” ဆိုတဲ့ စကားလုံးမှာ တိကျညွှန်း စာလုံး “the” ပါတယ်။ “the truth” — “အဲဒီ အမှန်တရား။” အဲဒီ အမှန်တရားကို သိရင် အဲဒီ အမှန်တရားက သင်တို့ကို လွတ်မြောက်စေလိမ့်မယ်။ ဒါဆိုရင် အဲဒီ အမှန်တရားက ဘာလဲ။ ထာဝရဘုရားသခင်ကနေ လူသားတွေကို ဖွင့်ပြထားတဲ့ အမှန်တရား အစုအဖွဲ့ တစ်ခု (a body of revealed truth) ကို ပြောတာပါ။ ဒါကို စာတစ်ကြောင်း၊ နှစ်ကြောင်းနဲ့ ဖော်ပြဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်၊ သေချာတာကတော့ လူရဲ့ လွတ်မြောက်ခြင်း အကြောင်း ပါဝင်တယ်။
လွတ်မြောက်ခြင်းနဲ့ ဆိုင်တဲ့ အပိုင်းကိုပဲ အာရုံစိုက် ပြောရရင် အမှန်တရား အဆို သုံးခု ပါဝင်တယ်။
၁။ လူသားတိုင်းဟာ အပြစ်ရဲ့ ကျွန်ဖြစ်တယ်။ လွတ်မြောက်ခြင်း အကြောင်းပြောတဲ့အခါ ယေရှုရဲ့ ပရိသတ်တွေဟာ အမြဲလိုလို နားလည်မှု လွဲခဲ့တယ်။ သူတို့ဟာ နိုင်ငံရေးအရ၊ လူမှုရေးအရ လွတ်မြောက်မှုကို လိုချင်နေကြတယ်။ ယေရှုခရစ်တော် အချိန်မှာ ဂျူးတွေဟာ သူ့ကို ရောမလက်ကနေ လွတ်မြောက်အောင် လုပ်ပေးမယ့် နိုင်ငံရေး ခေါင်းဆောင် တစ်ယောက် အဖြစ်မျှော်လင့်ထားတယ်။ ဒါပေမယ့်၊ ယေရှုက ရောမကျွန်ဖြစ်ခြင်းထက် ပိုအရေးကြီးတဲ့ ကျွန်ဖြစ်ခြင်း တစ်ခုကို အမြဲ သွန်သင်ဆုံးမပြီး အဲဒီကနေ လွတ်မြောက်ဖို့ကိုသာ လူတွေကို အာရုံစိုက်စေတယ်။ အဲဒီ ကျွန်ဖြစ်ခြင်းကတော့ မကောင်းမှုရဲ့ ကျွန်ဖြစ်ခြင်းပါပဲ။ လူဟာ ဗီဇသဘောအရကိုက အတွင်းဆုံး အပိုင်းမှာ ဖောက်ပြန်ယိုယွင်းနေပြီး မကောင်းမှုကို ခုံမင်တဲ့ သဘာဝရှိကြောင်း ဟောပြောခဲ့တယ်။ အဲဒါကို နောင်တရဖို့ အမြဲ သွန်သင်တယ်။
၂။ ယေရှုခရစ်တော်ဟာ ရွေးနှုတ်သူ ဖြစ်တယ်။ သူ့ရဲ့ သေခြင်းဟာ လူတွေကို အပြစ်ကျွန် အဖြစ်ကနေ ရွေးနှုတ်ပေးမယ်လို့ အကြိမ်များစွာ ယေရှု ကြိုတင်မိန့်မှာ ခဲ့တယ်။ ယေရှုလက်ထက် ရောမ အင်ပါယာထဲမှာ ကျွန်စနစ် ရှိတယ်။ ကျွန်တွေကို ပိုင်ဆိုင်မှု တစ်ခု အနေနဲ့ အရောင်းအဝယ် ပြုကြတယ်။ “ရွေးနှုတ်ခြင်း” ဆိုတာ သတ်မှတ်ထားတဲ့ တန်ဖိုးကို ပေးချေပြီး လွတ်မြောက်စေတာ ဖြစ်ပါတယ်။ တခါတရံမှာ စစ်သုံ့ပန်းတွေကို သူတို့ရဲ့ ဘုရင်က တန်ဖိုးကို ပေးပြီး ပြန်လည် ဝယ်ယူတာမျိုးလည်း ရှိတယ်။ အလားတူပဲ၊ ယေရှုခရစ်တော်ရဲ့ ကားတိုင်မှာ အသက်စွန့်ခြင်းဟာ လူသားတွေကို အပြစ်ရဲ့ ကျွန်ဘဝကနေ ရွေးနှုတ်ပေးတယ်။ သမ္မာကျမ်းစာ တစ်ချက်မှာ “အပြစ်တရားရဲ့ အခ သေခြင်း” လို့ ပြောထားတယ်။ ယေရှုခရစ်တော်ရဲ့ သေခြင်းဟာ အဲဒီ အခကို ပေးချေခဲ့ပါတယ်။
၃။ လွတ်မြောက်ခြင်းရဖို့ ယေရှုခရစ်ကို ယုံကြည်ရမယ်။ ကျွန်တော်တို့ အားလုံးဟာ ကိုယ့်ကိုယ်ကို လွတ်မြောက်အောင် မတတ်နိုင်တဲ့ သုံ့ပန်းတွေသာ ဖြစ်တယ်။ ပေးရမယ့် အခဟာ ကြီးမားလွန်းတယ်။ ကိုယ်တိုင် ပေးရကြေးဆိုရင် ဘယ်တော့မှ အဆုံးမရှိတဲ့ ငရဲမှာ ထာဝရ ပေးဆပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ရွေးနှုတ်မယ့်သူကို လိုအပ်တယ်။ ယေရှုခရစ်တော်သာ အဲဒီ ရွေးနှုတ်ပေးသူ ဖြစ်တယ်။ ရွေးနှုတ်ခြင်းကို ရဖို့ ယေရှုခရစ်တော်နဲ့ ပတ်သတ်ဆက်နွယ်မှု ရှိဖို့ လိုအပ်တယ်။ ကျွန်တော်တို့ရဲ့ သခင် အဟောင်း (ဘယ်အရာပဲ ဖြစ်ဖြစ်) ကို ပြတ်စဲပြီး သခင်အသစ်နဲ့ တော်စပ်ဖို့ လိုတယ်။ ယေရှုကို ဟုတ်ကဲ့လို့ ပြောဖို့ လိုတယ်။ အခု ပြောခဲ့တဲ့ သုံးချက်ဟာ လွတ်မြောက်ခြင်းရဲ့ အမှန်တရားပါပဲ။
၁၈၆၃၊ ဇန္နဝါရီ ၁ ရက်နေ့မှာ အေဗရာဟန် လင်ကွန်းက ကျွန်လွတ်မြောက်ရေး ကြေညာစာကို ထုတ်ပြန်ခဲ့တယ်။ ဒါပေမယ့်၊ အဲဒီ သတင်း ချက်ခြင်း မရောက်နိုင်သေးတဲ့ နေရာမှာ ကျွန်တွေဟာ သူတို့ကိုယ်သူတို့ လွတ်မြောက်ပြီးမှန်း မသိကြသေးဘူး။ ဒါကြောင့် ကျွန်ပိုင်ရှင်တချို့က သူတို့ကို ဆက်လက် ထိန်းချုပ်ထားခဲ့တယ်။ ဒါပေမယ့်၊ သူတို့ဟာ လွတ်မြောက်တဲ့ သတင်းကို ကြားတဲ့အခါမှာ ကျွန်ပိုင်ရှင်တွေဆီကနေ ထွက်ပြေးပြီး နီးစပ်ရာမှာ ရှိတဲ့ လင်ကွန်းရဲ့ စစ်တပ်တွေမှာ ခိုလှုံခဲ့ကြတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ ကျွန်တွေအားလုံး လွတ်မြောက်လာကြတယ်။
ဒါပေမယ့်၊ ယေရှုဟာ လင်ကွန်းထက် ပိုကြီးမြတ်တဲ့ လွတ်မြောက်ရေး ကြောညာစာကို ထုတ်ပြန်ခဲ့ပြီးပါပြီ။ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းဖြင့်၊ သူ့အသွေးနဲ့ ခပ်နှိပ်ထားတဲ့ အပြစ်ကျွန်ကနေ လွတ်မြောက်ခြင်း စာတမ်းကို ကြေညာခဲ့ပြီးပါပြီ။ ယေရှု အသက်မစွန့်မီ နောက်ဆုံး စကားက “အပြည့်အဝ ပေးချေပြီ” တဲ့။ ဒါတင်မက သူဟာ သုံးရက်မြောက်တဲ့နေ့မှာ ကြိုတင် ပြောထားတဲ့အတိုင်း သေခြင်းက ရှင်ပြန်ထမြောက်ခဲ့တယ်။ သူဟာ အခုထိ အသက်ရှင်နေပြီး ကျွန်တော်တို့ရဲ့ လွတ်မြောက်ခြင်းအတွက် ဘုရားသခင်ဆီမှာ အာမခံပေးတယ်။ ကျွန်တော်တို့ဟာ ဒီသတင်းကို ကြားတဲ့အခါ ကိုယ့်ကို ကျွန်ပြုနေတဲ့ အပြစ်ကနေ ပြေးထွက်ပြီး ယေရှုခရစ်တော်နဲ့ ပူးပေါင်းဖို့ လိုပါတယ်။ အဲဒီအခါကျမှသာ ကျွန်တော်တို့ဟာ တကယ့် စစ်မှန်တဲ့ လွတ်မြောက်ခြင်းကို ရရှိမှာ ဖြစ်ပါတယ်။ အဲဒီ လွတ်မြောက်မှုဟာ နိုင်ငံရေးအရ၊ လူမှုရေးအရ လွတ်မြောက်ခြင်းထက် ပိုအရေးကြီးတဲ့ လူ့ဘဝရဲ့ အခြေခံအကျဆုံး လွတ်မြောက်ခြင်းပဲ ဖြစ်ပါတယ်။





