ကျိုးပဲ့သော အပိုင်းအစများရဲ့ အလှ

ထူးခြားတာက အဆောက်အဦးတွေကို ကြွေပြားအကျိုးအပဲ့တွေနဲ့ တန်ဆာဆင်ထားတာပဲ ဖြစ်တယ်။ တချို့ အဆောက်အဦတွေဆိုရင် မျက်နှာကျက် တစ်ခုလုံး ကြွေပြားအပိုင်းအစတွေနဲ့ စီခြယ်ထားတယ်။ ဒီလက်ရာတွေကို မြင်တဲ့သူ ဘယ်သူမဆို မအံ့ဩပဲ မနေနိုင်ဘူး။
ကျိုးပဲ့သော အပိုင်းအစများရဲ့ အလှ
စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့ရဲ့ ဂွေဥယျာဉ် (Park Güell) မှာ ကမ္ဘာလှည့်ခရီးသွား တွေနဲ့ ပြည့်နေတယ်။ သူတို့ကို ဆွဲဆောင်ထားတဲ့ အရာကတော့ ကမ္ဘာကျော် ဗိသုကာ Antoni Gaudi ရဲ့ လက်ရာတွေပဲ ဖြစ်ပါတယ်။ ဥယျာဉ်ဆိုပေမယ့် တကယ်တော့ အဆောက်အဦတွေနဲ့ ပြည့်နေပါတယ်။ ထူးခြားတာက အဆောက်အဦးတွေကို ကြွေပြားအကျိုးအပဲ့တွေနဲ့ တန်ဆာဆင်ထားတာပဲ ဖြစ်တယ်။ တချို့ အဆောက်အဦတွေဆိုရင် မျက်နှာကျက် တစ်ခုလုံး ကြွေပြားအပိုင်းအစတွေနဲ့ စီခြယ်ထားတယ်။ ဒီလက်ရာတွေကို မြင်တဲ့သူ ဘယ်သူမဆို မအံ့ဩပဲ မနေနိုင်ဘူး။
ဒါပေမယ့်၊ Gaudi ထက် ကြီးမြတ်တဲ့ ဗိသုကာ ဆရာ တစ်ယောက် ရှိပါသေးတယ်။ သူကတော့ စကြာဝဌာကို ဖန်ဆင်းတဲ့ ထာဝရ ဘုရားသခင် ဖြစ်တယ်။ ကျွန်တော်တို့ ကမ္ဘာကြီးဟာ ကျိုးပဲ့နေတဲ့ အပိုင်းအစတွေနဲ့ ပြည့်နေပါတယ်။ (ဒါဟာ ဘုရားသခင်ရဲ့ မူလဒီဇိုင်းတော့ မဟုတ်ပါဘူး။ လူတွေရဲ့ အပြစ်ကြောင့်သာ ဖြစ်တယ်။) လူတွေရဲ့ ဘဝတွေဟာ ကျိုးပဲ့နေတယ်။ မိသားစုတွေဟာ အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့နေတယ်။ အိမ်ထောင်တွေ၊ မိသားစုတွေ၊ ဆက်ဆံရေးတွေဟာ နေရာတိုင်းမှာ ကျိုးပဲ့လို့ နေပါတယ်။ ဒါပေမယ့်၊ ဘုရားသခင်ဟာ အဲဒီ ကျိုးပဲ့တဲ့ အစိတ်အပိုင်းတွေကို လှပတဲ့ အရာတွေ ဖြစ်လာအောင် ဖန်တီးနိုင်တဲ့ အနုပညာရှင် တစ်ယောက် ဖြစ်တယ်။ ဘယ်လောက်ပဲ ကျိုးပဲ့နေတဲ့ အရာ ဖြစ်ပါစေ၊ သူ့လက်ထဲကို ယုံကြည်စိတ်ချစွာနဲ့ လိုလားစွာ အပ်နှံတဲ့ ဘဝတွေကို အလှပဆုံး ပုံဖော် ထုဆစ်ပေးနိုင်တယ်။
အဲဒီ နမူနာကို ယေရှုခရစ်တော်မှာ တွေ့နိုင်တယ်။ ယေရှုခရစ်တော်ရဲ့ ကားတိုင်မှာ အသေခံခြင်းဟာ မဟာ ကျိုးပဲ့မှု တစ်ခု ဖြစ်တယ်။ မတရားတဲ့သူတွေရဲ့ လက်မှာ ယေရှုဟာ ပြင်းစွာ ဝေဒနာ ခံစားခဲ့ရတယ်။ လူတွေရဲ့ ငြင်းပယ်ခြင်း၊ ကဲ့ရဲ့ခြင်း၊ ရိုက်ပုပ်ခြင်း၊ တံတွေးထွေးခြင်း၊ ထိုးနှက်နှိပ်စက်ခြင်း၊ နောက်ဆုံးမှာ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်။ ဒါဟာ လူသားတွေရဲ့ ဆိုးညစ်မှု အထွတ်အထိပ် ဖြစ်တယ်။ အစွမ်းကုန် ချိုးဖဲ့ဖျက်ဆီးမှု တစ်ခု ဖြစ်တယ်။ အဲဒီလို အသေမခံခင်ညမှာ ယေရှုဟာ တပည့်တွေနဲ့ နောက်ဆုံး ညစာ စားတဲ့အခါ၊ မုန့်ကို ဖဲ့ပေးရင်း ပြောခဲ့တယ်။ “ဒီမုန့်ဟာ သင်တို့အတွက် ချိုးဖဲ့တဲ့ ငါ့ရဲ့ ကိုယ်ခန္ဓာ ဖြစ်တယ်၊ ယူ၍ စားကြပါ။” (၁ကော ၁၁း၂၄)။
ဒါဟာ နှစ်ပေါင်းများစွာထဲက ကြိုတင် နိမိတ်ဖတ် ဟောပြောထားတဲ့ အရာ တစ်ခု ဖြစ်တယ်။ “သူသည် ငါတို့ ကျူးလွန်သော အပြစ်များအတွက် ထိုးဖောက်ခြင်း ခံရ၏။ ငါတို့ ဒုစရိုက်များအတွက် ချိုးဖဲ့ခြေမွှခြင်း ခံရ၏။ ငါတို့အတွက် ငြိမ်းချမ်းခြင်းကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်ကျရောက်၍ သူခံရသော ဒဏ်ချက်များဖြင့် ငါတို့သည် အနာပျောက်ကင်းလျက် ရှိကြ၏။ ငါတို့ ရှိသမျှသည် လမ်းလွဲသော သိုးကဲ့သို့ ကိုယ့်လမ်းသို့ အသီးသီးလိုက်သွားကြသည် ဖြစ်၍ ထာဝရ ဘုရားသည် ငါတို့၏ အပြစ်ရှိသမျှကို သူ့အပေါ် ကျရောက်စေတော်မူ၏။ (ဟေရှာယ ၅၃း၅-၆)။ ယေရှုရဲ့ ကျိုးပဲ့ခြင်းဟာ လူသားတွေအတွက် အပြစ်ဖြေလွှတ်ခြင်းကို ဖြစ်စေခဲ့ပါတယ်။
ပြီးတဲ့နောက် ဘုရားသခင်ဟာ ကျိုးပဲ့သွားတဲ့ ယေရှုရဲ့ ကိုယ်ခန္ဓာကို လှပစွာ ပြန်လည် ရှင်သန် ထမြောက်စေခဲ့တယ်။ သူဟာ အပြစ်နဲ့ ကင်းစင်ကြောင်းကို ဘုရားသခင်ဘက်က သက်သေပြခြင်း ဖြစ်တယ်။ မနာလိုသူတွေ စွပ်စွဲသလို မတရားတဲ့သူ မဟုတ်ဘူးဆိုတာ သိစေတယ်။ ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေ ပူဇော်ခြင်းကို ဘုရားသခင်က လက်ခံတယ်ဆိုတာ ထင်ရှားစေတယ်။ သူဟာ ကယ်တင်ရှင် ဖြစ်တယ်ဆိုတာ ပြသလိုက်တယ်။ ဒါဟာ ဘုရားသခင်က ကျိုးပဲ့ခြင်းကနေ ဖော်ထုတ်လိုက်တဲ့ လှပမှု တစ်ခု ဖြစ်တယ်။
သင်ဟာ ကျိုးပဲ့တဲ့သူ တစ်ယောက် ဖြစ်နေပါသလား။ သင့်အတွက် ကားတိုင်မှာ ချိုးဖဲ့ခံတဲ့ ယေရှုဆီ လာခဲ့ပါ။ ကျိုးပဲ့နေတဲ့ သင့်ဘဝကို ဘုရားသခင် လက်ထဲ အပ်နှံပါ။ တကယ်တော့ ဘုရားသခင်ဟာ ကျိုးပဲ့သူတွေကို အထူး ဂရုစိုက်တဲ့ ဘုရား ဖြစ်တယ်။ “ဘုရားသခင်နှစ်သက်တော်မူသော ယဇ်များမှာ ကျိုးပဲ့သောစိတ်သဘောဖြစ်ပါ၏။ အို ဘုရားသခင်၊ ကိုယ်တော်သည် ကျိုးပဲ့ကြေမွသော စိတ်နှလုံးကို မထီမဲ့မြင်ပြုတော်မူမည် မဟုတ်ပါ။” (ဆာလံ ၅၁း၁၇)
ဒီနေရာမှာ ကျိုးပဲ့တဲ့ နှလုံးသား ဆိုတာ ကိုယ့်အပြစ်အတွက် နောင်တရတဲ့ စိတ်ကို ဆိုလိုတယ်။ မိမိ အပြစ်အတွက် ဝမ်းနည်းကြေကွဲခြင်းကို ဆိုလိုတယ်။ ကိုယ်ဟာ အပြစ်သား တစ်ယောက် ဖြစ်တယ်ဆိုတာ လက်ခံပြီး ဘုရားသခင် ရှေ့မှာ နှိမ့်ချတဲ့ လူကို ဆိုလိုတယ်။ မိမိသည် ကယ်တင်ရှင်ကို လိုအပ်တယ်လို့ ဝန်ခံလာတဲ့ အခြေအနေကို ဆိုလိုတယ်။ ဒါဟာ ဘုရားသခင် အသစ်ပြုပြင်ပေးခြင်း ခံရဖို့ အတွက် မရှိမဖြစ် လိုအပ်တဲ့ အခြေအနေ ဖြစ်တယ်။ အဲလို ကျိုးပဲ့မှုမျိုးနဲ့ ယေရှုဆီကို လာတဲ့သူကို ယေရှုက မငြင်းပယ်ဘူး။ သူတို့ကို အလှဆုံး ဖြစ်အောင် ယေရှုဟာ ပုံသွင်း ပြုပြင်ပေးနိုင်တယ်။ သင်ဟာ ကျိုးပဲ့နေတဲ့သူလား။ ယေရှုဆီလာပါ။





