ဘုရား တကယ်ရှိလား?

လူတိုင်း သိချင်နေကြတဲ့ မေးခွန်းရဲ့ အဖြေအတွက် ဘုရားတည်ရှိကြောင်း သက်သေပြနေတဲ့ အချက် (၅) ချက်နဲ့ ပြောပြသွားမှာပါ။
ဘုရား တကယ်ရှိလား?
သန်းကြွယ်သူဌေးကြီး Elon Musk ကို မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ “ဘုရားရှိတယ်လို့ ခင်ဗျား ယုံကြည်လား” ဆိုပြီးမေးတဲ့အခါ၊ Elon Musk က “စကြာ၀ဠာကြီးနဲ့ပတ်သက်ပြီး ရှင်းပြချက်တစ်ခုခုတော့ ရှိပါလိမ့်မယ်၊ အဲဒါကို ခင်ဗျားက ဘုရားလို့ ခေါ်ချင်လည်း ခေါ်မှာပေါ့” လို့ ဖြေခဲ့ပါတယ်။ နောက်အင်တာဗျူးတစ်ခုမှာတော့ သူက “ကျွန်တော်က ဘုရားမဲ့ဝါဒီ Atheist တော့မဟုတ်ဘူး၊ ဒါပေမယ့် ဘုရားရှိ/မရှိ စိတ်မဝင်စားတဲ့ Gnostic လို့ ပြောလို့ရတယ်”လို့ ဆိုပါတယ်။ ဘုရားဆိုတာ တကယ်ရှိရဲ့လား ဆိုတဲ့မေးခွန်းက လူမေးများတဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ ဘုရားရှိကြောင်း သက်သေ(၅)ခုကို အကျဉ်းခြုံးပြီး ဖော်ပြသွားပါမယ်။
(၁) လောကဓါတ်ဟာ ဘုရားရှိကြောင်းသက်သေပါပဲ။ နေ့စဉ်ကျွန်တော်တို့ ကိုင်တွယ်ထိတွေ့နေကြတဲ့ရုပ်၀တ္ထုပစ္စည်းတိုင်း ဟာ သူ့အလိုလိုဖြစ်တည်လာတာ တစ်ခုမှမရှိပါဘူး။ တစ်စုံတစ်ဦးကြောင့်၊ တစ်စုံတစ်ရာကြောင့်သာ ဖြစ်တည်လာကြတာ ပါ။ သမ္မာကျမ်းစာက “အိမ်မည်သည်ကား တစ်စုံတစ်ယောက်သောသူ တည်ဆောက်သောကြောင့်ဖြစ်၏။ အလုံးစုံတို့ကို တည်ဆောက်သောသူကား ဘုရားသခင်ပေတည်း”လို့ ဆိုပါတယ်။ အဆောက်အဦးတစ်ခုကိုမြင်ရင် ဒီအဆောက်အဦးကို တည်ဆောက်သူရှိကြောင်း အလိုလိုသိနိုင်ပါတယ်။ အဆောက်အဦးတည်ဆောက်သူကို မြင်ဖူးချင်မှ မြင်ဖူးပါလိမ့်မယ်၊ ဒါပေမယ့် တည်ဆောက်သူရှိတာကိုတော့ ငြင်းလို့မရပါဘူး။ ‘ရှားလော့ဟုမ်း’ဆိုတဲ့ဇာတ်ကောင်တည်ရှိခြင်းက သူ့ကိုဖန်တီး တဲ့ စာရေးဆရာ Arthur Conan Doyle ရှိကြောင်း သက်သေပြနေသလို၊ ‘မြိုင်ရာဇာတွတ်ပီ’ရှိခြင်းက စာရေးဆရာဆွေမင်း (ဓနုဖြူ)ရှိကြောင်း သက်သေဖြစ်သလို၊ ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုက ဘုရားရဲ့တည်ရှိမှုကို အခိုင်အမာ သက်သေပြနေ ပါတယ်။
(၂) ကိုယ်ကျင့်တရားအလေးထားခြင်းက ဘုရားရှိကြောင်းသက်သေပါပဲ။ လူတွေရဲ့ ယဉ်ကျေးမှုနဲ့ ဥပဒေရေးရာအယူအဆ တွေဟာ ဒေသအပေါ် မူတည်ပြီးကွဲပြားသွားတတ်ပေမယ့်၊ ကိုယ်ကျင့်တရားဆိုင်ရာနှုန်းစံတွေကတော့ တူညီကြတာ တွေ့ရ မှာပါ။ ဥပမာ - လူသတ်တာ၊ သူများသားမယားစော်ကားတာ၊ သူ့ ဥစ္စာခိုးတာ၊ လိမ်ညာလုပ်ကြံပြောဆိုတာတွေကို ဘယ် ယဉ်ကျေးမှု၊ ဘယ်လူ့အဖွဲ့အစည်းကမှ လက်မခံကြပါဘူး။ ဒီအပြုအမူတွေမှားယွင်းကြောင်း တရားအဆုံးအမတွေကြောင့် သိနားလည်လာကြတာမဟုတ်ဘဲ၊ လူ့ရဲ့ပင်ကိုယ်အသိစိတ်ကဖော်ပြလို့သာ သိနေတာဖြစ်ပါတယ်။ အကယ်၍ ကျွန်တော် တို့သာ ဆင့်ကဲဖြစ်စဉ်ရဲ့ ရလဒ်ဖြစ်မယ်ဆိုရင် စာနာမှု၊ တရားမျှတမှုအကြောင်းပြောဖို့ ခက်ပါလိမ့်မယ်။ အကြောင်းက တော့ ဆင့်ကဲဖြစ်စဉ်ရဲ့ အခြေခံဖော်ပြချက်ကိုယ်၌က “အသန်မာဆုံးသူတွေသာ ရှင်သန်နိုင်တယ်’လို့ ဆိုပါတယ်။ အကယ်၍ ကျွန်တော်တို့ဟာ မဟာပေါက်ကွဲမှု (Big Bang)ကြောင့် ဖြစ်တည်လာကြတာဆိုရင် လူ့ဘ၀မှာ ဘာကိုမှ အရေးထားဖို့ မလိုတော့ပါဘူး။ အကြောင်းကတော့ ကျွန်တော်တို့ဟာ မရည်ရွယ်ဘဲ၊ မမျှော်လင့်ဘဲ မတော်တဆဖြစ်တည်လာကြတာ ဖြစ်တာမို့၊ အချင်းချင်း အပြန်အလှန်ရှိမှု၊ ကိုယ်ကျင့်တရားနဲ့ သဟဇာတရှိမှုဆိုတာကလည်း အဓိပ္ပာယ်မရှိတဲ့အရာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လူတိုင်း၊ ယဉ်ကျေးမှုတိုင်းကိုကြည့်ရင် ဒီလိုဖြစ်တည်နေကြတာမဟုတ်တာ တွေ့ရပါလိမ့်မယ်။ ဒါတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ စာနာထောက်ထားမှု၊ တရားမျှတမှု၊ သဟဇာတဖြစ်မှု၊ ရိုးသားမှုတွေကို လောကပါလတရား တွေအဖြစ် အားလုံးက လက်ခံယုံကြည်ထားကြတာကြောင့်၊ ကျွန်တော်တို့အားလုံးရဲ့ စိတ်နှလုံးထဲမှာ ဒီလိုဆင်ခြင်တုံတရား တွေကို Programme လုပ်ပြီးထည့်ထားပေးသူရှိပါတယ်။ တနည်းအားဖြင့် Moral Law ဆိုတဲ့ ကိုယ်ကျင့်တရားဆိုတာရှိရင် Lawgiver ဆိုတဲ့ ကိုယ်ကျင့်တရားကို ကျွန်တော်တို့ရဲ့ အသိစိတ်ထဲမှာထည့်ပေးခဲ့သူ ဘုရားရှိနေတာ ထင်ရှားပါတယ်။
(၃) ယေရှုရဲ့ ပေါ်ထွန်းခြင်းဟာ ဘုရားရှိကြောင်းသက်သေဖြစ်ပါတယ်။ ယေရှုဘုရားဟာ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးဖြစ်တာ ကို ငြင်းမယ့်သူမရှိလောက်ဘူး ထင်ပါတယ်။ သမ္မာကျမ်းစာက “ဘုရားသခင်ကို အဘယ်သူမျှမမြင်ဖူးသော်လည်း ယေရှု သည် (မျက်မြင်မရသော) ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ… ဘုရားဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ယေရှု၌ ခန္ဓာအသွင်အားဖြင့် ကိန်းဝပ်တော်မူ၏”လို့ ဆိုပါတယ်။ လူအချို့ကတော့ ယေရှုကို သူတော်စင်တစ်ပါး၊ ဆရာ တစ်ဆူ၊ ပရောဖက်တစ်ပါးအနေနဲ့ ပြောကြပေမယ့်၊ သူရဲ့ ပြောဆိုချက်၊ လုပ်ဆောင်ချက်တွေနဲ့ သူ့ဘ၀သက်တော်စဉ် တွေကို အသေအချာ စူးစမ်းလေ့လာခဲ့သူတွေကတော့ ‘ယေရှုဟာ သူပြောသလို ဘုရားအမှန် ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် သူဟာ လူလိမ်တစ်ဦး (ဒါမှမဟုတ်) ရူးကြောင်နေသူတစ်ဦးပဲ ဖြစ်မယ်၊ လူတချို့ပြောသလို သူတော်စင်တစ်ပါးဆိုတာတော့ မဖြစ်နိုင်ဘူး’လို့ ဆိုပါတယ်။ ယေရှုဘုရားရဲ့ အဆုံးအမတွေနဲ့ သူ့လုပ်ဆောင်ချက်တွေက သူဟာ ‘လူလိမ်၊ အရူး’ မဖြစ်နိုင် တာ သက်သေအထင်အရှားပါပဲ။ ဒါကြောင့် သူဟာ သူပြောသလို ဘုရားစင်စစ်ဖြစ်ပြီး၊ ဘုရားအမှန်ရှိကြောင်း သက်သေ ဖြစ်ပါတယ်။
(၄) လူတွေရဲ့ အတွင်းစိတ်ဝိညာဉ်ထဲကနေ ဘုရားကိုတမ်းတခြင်းက ဘုရားရှိကြောင်းသက်သေပါပဲ။ လူမျိုးနွယ်စုတွေရဲ့ ဘာသာစကားတွေမှာ တချို့ဝေါဟာရတွေမရှိကြပေမယ့်၊ “ဘုရား” ဆိုတဲ့ဝေါဟာရကတော့ လူမျိုးစုတိုင်း၊ ဘာသာစကား တိုင်းမှာရှိနေတာ အတော်ထူးခြားတဲ့ကိစ္စပါ။ ဒါကိုကြည့်ရင် ‘ဘုရား’ဆိုတာ လူတစ်စု၊ ဒေသတစ်ခုက တီထွင်ထားတဲ့ အယူအဆတစ်ခု၊ ယုံကြည်မှုတစ်ခုမဟုတ်ဘဲ၊ ကမ္ဘာ့ရဲ့ နေရာစုံ၊ လူတန်းလွှာအစုံ၊ ယဥ်ကျေးမှုမျိုးစုံမှာ ကျင်လည်နေကြတဲ့ လူတွေရဲ့ တမ်းတရှာဖွေဆည်းကပ်မှုဖြစ်ကြောင်း ထင်ရှားပါတယ်။ အချဉ်အရသာကို ခံစားဖူးလို့သာ အချဉ်ကို လူတွေ တောင့်တကြသလို၊ ဘုရားနဲ့ ပတ်သက်ဆက်နွယ်ကြလို့သာ လူတွေ ဘုရားကို တမ်းတရှာဖွေကြတာ ဖြစ်ပါတယ်။ ဘုရား သည်သာ လူတွေရဲ့ ဘ၀မျှော်လင့်ချက်နဲ့ ဘ၀အဓိပ္ပာယ်တို့ ဖြစ်တည်ရာအရင်းအမြစ်ဖြစ်ပြီး၊ ဒီအချက်က ဘုရားရှိကြောင်း ထင်ရှားတဲ့သက်သေတစ်ခုလည်း ဖြစ်ပါတယ်။
(၅) ပြောင်းလဲသွားတဲ့ဘ၀တွေဟာ ဘုရားရှိကြောင်း သက်သေပါပဲ။ လူတွေရဲ့ ပင်ကိုယ်စရိုက်နဲ့ ဘ၀အမြင်တွေဆိုဟာ လွယ်လွယ်ပြောင်းလဲနိုင်တဲ့အရာတွေ မဟုတ်ပါဘူး။ ကြမ်းတမ်းတဲ့စရိုက်တွေ၊ ဆိုးရွားတဲ့စွဲလန်းမှုတွေ၊ လွဲမှားတဲ့ ဘ၀ အမြင်တွေဆိုတာ နှစ်ချီပြီးဖြစ်တည်လာတဲ့အရာတွေဖြစ်တာကြောင့် နေ့ချင်းညချင်း ပြောင်းလဲသွားဖို့ ပိုခက်ခဲပါတယ်။ ဒါပေမယ့် ယေရှုဘုရားကို ဘ၀မှာ ကိုယ်တွေ့ တွေ့ကြုံခံစားရလာတဲ့အခါ ကိုယ်တိုင်ပြောင်းလဲဖို့ မလွယ်တဲ့အရာတွေဟာ တခဏအတွင်း ထူးခြားပြောင်းလဲသွားကြတာ တွေ့ရပါတယ်။ အချစ်က လူကိုပြောင်းလဲစေတယ်၊ အချိန်က ပြောင်းလဲ စေတယ်၊ စာပေက ပြောင်းလဲစေတယ်၊ လောကဓံတရားနဲ့ တရားဓမ္မတွေက လူကိုပြောင်းလဲစေတယ်လို့ ဆိုကြပေမယ့်၊ ဒီအရာတွေကြောင့်ပြောင်းလဲသွားတဲ့ဘ၀တွေနဲ့၊ ယေရှုဘုရားအားဖြင့် ပြောင်းလဲသွားတဲ့ဘ၀တွေဟာ အနှစ်သာရပိုင်းမှာ ရော၊ အရေအတွက်ပိုင်းမှာပါ အများကြီးကွာခြားတာ အထင်အရှားပါ။ အမုန်းကနေ ခွင့်လွှတ်ခြင်း၊ ရန်ငြိုးဖွဲ့ရာကနေ သင့်မြတ်ခြင်း၊ ခက်ထန်ခြင်းကနေ နူးညံ့သိမ်မွေ့ခြင်း၊ မရုန်းထွက်နိုင်တဲ့စွဲလန်းမှုတွေကနေ လွတ်မြောက်ခြင်းတွေဟာ ယေရှုဘုရားရဲ့ ဖြစ်တည်မှုနှင့် ပြောင်းလဲပေးနိုင်စွမ်းကို သက်သေအဖြစ် ဖော်ပြနေပါတယ်။
မိတ်ဆွေကိုယ်တိုင်လည်း ယေရှုဘုရားရဲ့ အမှန်ဖြစ်တည်မှုနဲ့ တတ်စွမ်းနိုင်မှုကို လက်တွေ့ စမ်းကြည့်ဖို့ အားပေးပါရစေ။ ဘုရားရဲ့ တည်ရှိမှုနဲ့ ကောင်းမြတ်မှုဟာ မိတ်ဆွေထင်ထားတာထက် အများကြီးသာလွန်ကြောင်း ကိုယ်တွေ့ ကြုံလာရတဲ့ အခါ ကိုယ့်ကိုယ်ကိုယ်တောင် အံ့အားသင့်မိနေမှာ အမှန်ပါ။





